အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

January 18, 2016

အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားပေးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကင်ဟာ  နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ကော်မတီဆောင် အိုင်-၁၂ မှာ ဇန်န၀ါရီ ၁၈ ရက် မွန်းလွဲပိုင်းက လာရောက် တွေ့ဆုံခဲ့တာပါ။ အမေရိကန်ရဲ့ ဒုတိယ အဆင့်မြင့်ဆုံး သံတမန်ဖြစ်တဲ့ အင်တိုနီဘလင်ကင်ဟာ ဇန်န၀ါရီ ၁၇ ရက်ကနေ ၁၈ ရက်ထိ ၂ ရက်ကြာ မြန်မာခရီးစဉ်အတွင်း မြန်မာအစိုးရ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သူနဲ့အတူ လိုက်ပါလာတဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မယ်လင်နောစကီးဟာလည်း ရန်ကုန်မှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲတခု ကျင်းပဖို့ ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးဟာ ခုသီတင်းပတ်အတွင်း မြန်မာ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို ချစ်ကြည်ရေးခရီး လှည့်လည်သွားရောက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ ပြီးခဲ့တဲ့ ၂၀၁၅ မေလက တကြိမ် လာရောက်ခဲ့ဖူးပြီး ခုခရီးစဉ်ဟာ ဒုတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ညနေ နေပြည်တော်မှာ သတင်းစာရှင်းလင်းဖို့ အစီအစဉ် ရှိပါတယ်။ ဓာတ်ပုံ - NLD Chairperson Facebook  
7 years Ago
Up