အမေရိကန် ဒုံးကျည်

April 14, 2018

အမေရိကန် ဒုံးကျည် ၁၃ စင်းကို ဆီးရီးယား ပစ်ချ

ဆီးရီးယားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့ဟာ အမေရိကန်က ဦးဆောင်ပစ်လွှတ်တဲ့ ဒုံးကျည် ၁၃ စင်းကို ဧပြီ ၁၄ ရက်နေ့မှာ ပစ်ချခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင် ရုပ်သံက သတင်းဖော်ပြပါတယ်။ အဲဒီဒုံးကျည်တွေကို မြို့တော်ဒမားစကတ်စ် တောင်ပိုင်း ခစ်ရှ်ဝါ အရပ်မှာ ပစ်ချခဲ့တာလို့လည်း သတင်းမှာပါရှိပါတယ်။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ လေကြောင်းတိုက်ခိုက်မှုတွေမှာ  ဒမားစကတ်စ်မြို့ထဲက စစ်အခြေစိုက်စခန်းတွေ၊ သိပ္ပံ သုတေသန စင်တာ ၂ ခု၊ ဟုန်းမ်စ်မြို့ထဲက သိပ္ပံ သုတေသန စင်တာ ၁ ခု   ထိမှန်ခဲ့တယ်လို့ပြောပါတယ်။ ဆီးရီးယားအစိုးရဟာ လေကြောင်းတိုက်ခိုက်တာ မခံရခင် အခုတပတ် အစောပိုင်းကတည်းက အဲဒီစခန်းတွေနဲ့ စင်တာတွေကို ရွှေ့ပြောင်းတာတွေ လုပ်ထားပြီးဖြစ်တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်၊ ဗြိတိန်နဲ့ပြင်သစ်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံထဲမှာ ဧပြီ ၁၄ ရက်နေ့ အစောပိုင်းက လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ အမိန့်ပေးပြီး မကြာခင်မှာပဲ ဒမားစကတ်စ်မြို့မှာ ပေါက်ကွဲသံ ၆ ခုလောက်ကြားခဲ့ရသလို မီးခိုးတွေ ကောင်းကင်ကို တက်လာတာကိုလည်း မြင်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောထားကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေဟာ ဒမားစကတ်စ်မြို့ထဲက ဘာဇခရိုင်မှာ ဖြစ်ခဲ့တယ်လို့လည်း သတင်းက ဆိုပါတယ်။ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂျိုးဇတ် ဒန်ဖော့ဒ်က ဆီးရီးယား သုတေသန အဆောက်အအုံတစ်ခုနဲ့  ဓာတုလက်နက်သိုလှောင်ရုံတခုကို လေကြောင်းတိုက်ခိုက်မှုတွေမှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။
4 years Ago
Up