အမေရိကန် ဆားတွင်း ဓာတ်လှေကားထဲ ပိတ်မိနေသည့် ၁၇ ဦးကို ကယ်တင် (ရုပ်သံ)

January 8, 2016

အမေရိကန် ဆားတွင်း ဓာတ်လှေကားထဲ ပိတ်မိနေသည့် ၁၇ ဦးကို ကယ်တင် (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် လန်းစင်မြို့က ဆားတွင်းမှာ ဓာတ်လှေကားထဲ ပိတ်မိနေတဲ့ တွင်းလုပ်သား ၁၇ ယောက်လုံးကို ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ကယ်ဆယ်နိုင်ခဲ့တယ်လို့ အရာရှိတွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့က ပြောပါတယ်။ တွင်းပိုင်ရှင်က ဘာကြောင့် ခုလို မတော်တဆဖြစ်ရလဲဆိုတာ သိဖို့ လုပ်ငန်းခွင်မှာ စစ်ဆေးမယ်လို့ ပြောပါတယ်။ တွင်းလုပ်သားတွေဟာ ဒေသစံတော်ချိန် ညသန်းခေါင်မှာ ဓာတ်လှေကားစင်ရဲ့ အောက် ပေ ၈၀၀ နဲ့ ၉၀၀ လောက် နက်တဲ့နေရာမှာ ဓာတ်လှေကားက ပုံမှန် အလုပ်မလုပ်တော့လို့ ပိတ်မိနေခဲ့တာလို့ သွမ့်ကင်းစ် မြို့နယ် အရေးပေါ်တုံ့ပြန်ရေးဌာနက ပြောပါတယ်။ ဒီဆားတွင်းကို ကာဂီးလ် နိုင်ငံတကာ ကော်ပိုရေးရှင်းက လုပ်ငန်းလည်ပတ်နေပြီး ဓာတ်လှေကား ပျက်ရတဲ့ အကြောင်းကို စုံစမ်းစစ်ဆေးမယ်လို့ ကုမ္ပဏီပြောခွင့်ရက ပြောပါတယ်။ လုပ်သားတွေကို ကယ်ဆယ်ဖို့ အခင်းဖြစ်ရာဆီ နည်းပညာဆိုင်ရာ ကယ်ဆယ်ရေး ပညာရှင်တွေနဲ့ ပစ္စည်းကိရိယာတွေကို ဆင့်ခေါ်ခဲ့ရတယ်လို့ ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။ လန်းစင်သတ္ထုတွင်းဟာ လမ်းခင်းဆား တန်ချိန် ၂ သန်းလောက်ကို အမေရိကန် အရှေ့မြောက်ပိုင်း တလွှားက နေရာ ၁၅၀၀ ကျော်ဆီ သင်္ဘောနဲ့ တင်ပို့ခဲ့တယ်လို့ ကုမ္ပဏီရဲ့ အင်တာနက် စာမျက်နှာက ဆိုပါတယ်။
6 years Ago
Up