အမေရိကန်-ဂျပန် အမျိုးသမီး ကမ္ဘာဖလား ဗိုလ်လုပွဲ ပွဲကြို

July 5, 2015

အမေရိကန်-ဂျပန် အမျိုးသမီး ကမ္ဘာ့ဖလား ဘယ်အသင်း ဗိုလ်စွဲမလဲ

ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အမေရိကန်နဲ့ ဂျပန်အသင်းတို့ ဇူလိုင် ၆ ရက် မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဂျပန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်လာသလို အမေရိကန်ကလည်း ဂျာမနီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တက်လှမ်းလာတာ ဖြစ်ပါတယ်။ ဇူလိုင် ၆ ရက်နေ့ ယှဉ်ပြိုင်မယ့် အမေရိကန်နဲ့ ဂျပန်အသင်းတို့ရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ဘယ်အသင်းအနိုင်ရပြီး ချန်ပီယံဖြစ်မလဲဆိုတာ ဒီဗွီဘီ Vote မှာ ရွေးချယ်နိုင်ပါတယ်။ [yop_poll id="44"]
6 years Ago

အမေရိကန်-ဂျပန် အမျိုးသမီး ကမ္ဘာဖလား ဗိုလ်လုပွဲ ပွဲကြို

ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အမေရိကန်နဲ့ ဂျပန်အသင်းတို့ ဇူလိုင် ၆ ရက် မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲကို ဗင်ကူးဗားက BC Place ကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒိုင်အဖြစ် ယူကရိန်းက ကာတာနီးယား မွန်ဇူက ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီပွဲမှာ လက်ရှိ ချန်ပီယံ ဂျပန်ကပဲ အနိုင်ရသွားမလား အမေရိကန်က ၂၀၁၁ ခုနှစ် ဂျာမနီမှာ ကျင်းပတဲ့ ကမ္ဘာဖလားက ရှုံးကြွေးကို ပြန်ဆပ်နိုင်မလားဆိုတာကို အားကစား ကလောင်ရှင်တွေရဲ့ အမြင်နဲ့ သမိုင်းကြောင်း အချက်အလက်တွေကို အခြေခံပြီး တင်ပြချင်ပါတယ်။ အမေရိကန် အမျိုးသမီး ဘောလုံးအသင်းကတော့ ကမ္ဘာ့ဖလားမှာ အစဉ်အလာရှိတဲ့အသင်း တသင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာဖလားကို ၇ ကြိမ် ပါဝင်ကစားထားသလို ၁၉၉၁ နဲ့ ၁၉၉၉ ခုနှစ်မှာ ဗိုလ်စွဲခဲ့ဖူးသလို ၂၀၁၁ ခုနှစ်မှာ ဒုတိယနဲ့ ၁၉၉၅၊ ၂၀၀၃ နဲ့ ၂၀၀၇ ခုနှစ်မှာတော့ တတိယ ရရှိခဲ့ဖူးတဲ့ သမိုင်းကို ပိုင်ဆိုင်ထားပါတယ်။ ဂျပန်အမျိုးသမီး ဘောလုံးအသင်းလည်း ကမာ့္ဘဖလားကို ၇ ကြိမ် ပါဝင်ကစားထားသလို ၂၀၁၁ ခုနှစ်မှာ ဗိုလ်စွဲထားခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ကွာတားဖိုင်နယ်အထိ တက်ရောက်ခဲ့ဖူးပြီး ကျန်နှစ်တွေမှာတော့ အုပ်စု အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ်ကနေစတင်တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက်မှာ အမေရိကန်နဲ့ ဂျပန်အသင်းတို့ ၃ ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။  ဒီ ၃ ကြိမ်မှာ အမေရိကန် အသင်းက ၂ ကြိမ် နိုင်ထားပြီး ဂျပန်ကတော့ ၁ ကြိမ် အနိုင်ရရှိထားပါတယ်။ အိုလံပစ် ဘောလုံးပြိုင်ပွဲမှာလည်း ဂျပန်နဲ့ အမေရိကန်တို့ ၄ ကြိမ် ဆုံတွေ့ခဲ့ဖူးပြီး ၄ ကြိမ် စလုံး အမေရိကန်က အနိုင်ရထားပါတယ်။ လက်ရှိ ၂၀၁၅ ကမ္ဘာဖလားပြိုင်ပွဲ ပွဲစဉ် ၆ ခုမှာ ဂျပန်အသင်းဟာ ပွဲတိုင်းကို အနိုင် ကစားခဲ့ပြီး  ၉ ဂိုး သွင်းယူထားသလို ပေးဂိုးကတော့ ၃ ဂိုးရှိခဲ့ပါတယ်။ အမေရိကန်အသင်းကတော့ ၆ ပွဲမှာ ၅ ပွဲနိုင် ၁ ပွဲသရေနဲ့ ၉ ဂိုး သွင်းယူထားသလို ပေးဂိုးကတော့ ၁ ဂိုးပဲရှိခဲ့ပါတယ်။ ကစားသမားစာရင်းကို ကြည့်မယ်ဆိုရင်တော့ ဂျပန်အသင်းမှာ ဂျာမနီ ဘိုင်ယန်မြူးနစ်၊ ၀ှဖ်ဘတ်ကလပ်နဲ့ ပြင်သစ် ကလပ်တွေမှာ ကစားနေတဲ့ ကစားသမားနဲ့ ပြည်တွင်း အခြေစိုက် ကစားသမားတွေကို အခြေခံ ဖွဲ့စည်းထားပါတယ်။ အမေရိကန် အသင်းမှာတော့ ပြည်တွင်း အခြေစိုက် ကစားသမားတွေကိုပဲ အခြေခံ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အမေရိကန်က ကာလီ လောဒ့်က ဂျပန်ကို ခြိမ်းခြောက် ဒုက္ခပေးနိုင်တဲ့ ကစားသမား တဦးဖြစ်သလို ဂျပန်က ယူကီအိုဂီမီကို စောင့်ကြည့်ရမယ်လို့ ဖီဖာ ၀က်ဆိုဒ်မှာ သုံးသပ်ထားပါတယ်။ ကနေဒါမှာ ကစားတဲ့ ဂျပန်အသင်းရဲ့ ပွဲစဉ်တွေမှာ သွင်းယူတဲ့ ၃၃ ရာခိုင်နှုန်းသော ဂိုးတွေက ပွဲချိန် ၁ နာရီအတွင်း သွင်းယူသလို ကျန်ဂိုးတွေကတော့ ပွဲပြီးခါနီးမှာ သွင်းယူလေ့ရှိပါတယ်။ အမေရိကန် အသင်းကတော့ ပွဲချိန် ၄၅ မိနစ်နဲ့ ဒုတိယပိုင်းရောက်မှ ဂိုးသွင်းယူလေ့ရှိတယ်လို့ ဆိုပါတယ်။ ဂျပန် နည်းပြ နိုရီနို ဆာဆာကီကတော့ ၂၀၁၁ ခုနှစ်မှာ ဒီ ၂ သင်း အံသြဖွယ်ရာ ကစားသွားသလို ၂၀၁၅ မှာလည်း အလားတူ ဖြစ်မယ်လို့ မျှော်လင့်တယ်လို့ ပါတယ်။ “အရင်နှစ် ချစ်ကြည်ရေးပွဲမှာ အမေရိကန်အသင်းနဲ့ ကစားခဲ့ဖူးပါတယ်။ သူတို့ရဲ့ စွမ်းအားကို ဒီအချိန်မှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံးတွေ့ရတဲ့ပွဲမှာ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို ဒီနေ့ပွဲမှာ အသုံးချမှာ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။ ဂျပန်အသင်း ကွယ်လယ်ကစားသမား ရူမီ အူဆူဂီကတော့ ၂၀၁၂ အိုလံပစ်နောက်ဆုံး ဗိုလ်လုပွဲမှာ အမေရိကန်ကို ဂျပန်က ရှုံးနိမ့်မှုက အခု ဂျပန်အသင်းအတွက် လှုံ့ဆော်မှု တခု ဖြစ်နေတယ်လို့ ပြောပါတယ်။ ၀ါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကတော့ အမေရိကန်နဲ့ ဂျပန် အသင်းကစားပုံဟာ မတူညီသလို ဂျပန်အသင်း ကစားသမားတွေက ကြံ့ခိုင်ပြီး အမေရိကန် အသင်းကစားသမားတွေက  အရပ်အမောင်းကို အခြေခံပြီး အဝေးဘောနဲ့ အမြင့်ဘောတွေကို အဓိကထား ကစားတယ်လို့ ပြောပါတယ်။ ပွဲက ပွဲကောင်းတပွဲ ဖြစ်သလို ကနေဒါမှာ ကစားတဲ့အတွက် အမေရိကန် အသင်းက ရာသီဥတု အားသာချက်ရှိနေသလို လက်ရှိချန်ပီယံ ဂျပန်ကလည်း သူရဲ့ အောင်မြင်မှုကို ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ “ဘယ်အသင်းနိုင်မလဲဆိုတာကတော့ တိတိကျကျပြောဖို့ ခက်တယ်။ ဒါပေမယ့် ကျနော့်အမြင်အရကတော့ ကစားထားသမျှ ပွဲတွေ ကြည့်ရသမျှတော့ အမေရိကန်က နှာတဖျားသာလိမ့်မယ်။ အရပ်အမောင်းကောင်းတယ်။ အမြင့်ဘောတွေကောင်းတယ်။ အဝေးက ကန်တဲ့ ကန်ချက်တွေကောင်းတယ်။ ဘာပဲပြောပြော ဂျပန်ကတော့ ခါတိုင်း ကစားတာထက် ၂ ဆ ပိုအားထုတ်ကစားရမယ်” လို့ ဦးခင်မောင်ထွေးက ခန့်မှန်းပါတယ်။ အားကစားကလောင်ရှင် ကိုစိုးညီကတော့ အမေရိကန်နဲ့ ဂျပန်တို့က ပြိုင်ဖက်ဟောင်းတွေ ဖြစ်နေပေမယ့် အမေရိကန်က သာသလို အရင် ကမ္ဘာ့ဖလားတုန်းက ဂျပန်က အားလုံးကို အံ့အားသင့်အောင် လုပ်ပြခဲ့တယ်လို့ ပြောပါတယ်။ အုပ်စု ရှုံးထွက် ကွာတားနဲ့ ဆီမီးဖိုင်နယ်မှာ ကစားသွားတဲ့ ခြေစွမ်းအရတော့ ဂျပန်က အရင်ခြေစွမ်းကို မမီပဲ ကျသွားသလို အသင်းကို ရွေးရမယ်ဆိုရင် အမေရိကန်ကို ရွေးမယ်လို့ ပြောပါတယ်။ “အမေရိကန်ကို ရွေးတာက ဂျပန်နဲ့ အဓိက နှိုင်းယှဉ်တာပေါ့နော်။ ဂျပန်က အနီးပေး အတိုပေးလေးတွေ ကစားတာကောင်းတယ်။ အုပ်စုဖွဲ့တာကောင်းတယ်။ ဒါပေမယ့် အမေရိကန်က ပါဝါနဲ့ ကစားတာပိုကောင်းတယ်။ နောက်ပြီး တဦးချင်းစီ ထိုးဖောက်နိုင်တဲ့ အမေရိကန်အသင်းရဲ့ တိုက်စစ်တော်တော်လေးကောင်းတယ်။ ချန်ပီယံခြေစွမ်းလည်း အမေရိကန် တောက်လျှောက်ပြနေတယ်လို့ ထင်ပါတယ်” လို့ ကိုစိုးညီက ပြောပါတယ်။ ဒီဗိုလ်လုပွဲမှာ ဘယ်သူတွေက ဗိုလ်စွဲမလဲ၊ အားကစားကလောင်ရှင်တွေ ခန့်မှန်းသလို ဖြစ်လာမှာလား၊ ရွှေလက်အိတ်နဲ့ ရွှေဘောလုံး ဆုတွေ၊ လူငယ်ကစားသမား ဆုတွေ ဘယ်သူတွေ ရမလဲဆိုတာကတော့ ဇူလိုင် ၆ ရက် မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲမှာ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
6 years Ago
Up