အမေရိကန်ရဲ့ ကုန်သွယ်မှု ကာကွယ်ရေးဝါဒဟာ ညံ့ဖျင်းဆိုးရွားတဲ့ မူဝါဒပဲလို့ စီးပွားရေး ဘာသာရပ်ဆိုင်ရာ နိုဘယ်လ်ဆုရှင် သောမတ်စ် ဆားဂျန့်က ဝေဖန် ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက တရုတ်ကနေ တင်သွင်းတဲ့ ကုန်စည်တွေကို ပစ်မှတ်ထားတဲ့ နားလည်မှုစာချုပ် မူကြမ်းကို လက်မှတ်ထိုးလိုက်လို့ ကုန်သွယ်ရေးစစ်ပွဲ အလားအလာကို လူအများအပြားက စိုးရိမ်ခဲ့တာပါ။
စီးပွားရေး အုပ်စုတွေနဲ့ ကုန်သွယ်ရေး ပညာရှင်တွေဆီက ဆန့်ကျင်မှု ပြင်းထန်ပေမယ့် ထရမ့်က တရုတ်ကနေ တင်သွင်းတဲ့ ကုန်စည် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ဖိုးကို ထပ်ဆောင်းခွန် ကောက်ဖို့ လက်မှတ်ထိုးခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ အမေရိကန် နိုင်ငံအတွင်း လူအများကြီး ထိခိုက်ပြီးမှ လူနည်းနည်းအတွက် အကူအညီရလိမ့်မယ်၊ ကောင်းတဲ့ မူဝါဒမဟုတ်ဘူးလို့ ဆားဂျန့်က ပြောပါတယ်။
အမေရိကန် လုပ်ငန်းရှင်များ အစည်းအရုံးက ခေါင်းဆောင်တွေကလည်း အမေရိကန်က ချမှတ်တဲ့ ကုန်သွယ်ရေး အဟန့်အတားဟာ ကိုယ့်နိုင်ငံထဲက လုပ်ငန်းတွေနဲ့ အလုပ်အကိုင် တွေကို ပြန်သက်ရောက်စေလိမ့်မယ်လို့ ငြင်းခုန် ပြောဆိုပါတယ်။
“တရုတ်ဟာ အမေရိကန် တနိုင်ငံတည်းနဲ့ ကုန်သွယ်နေတာ မဟုတ်ဘဲ တခြားနိုင်ငံ အများကြီးနဲ့ပါ ကုန်သွယ်နေတယ်။ နိုင်ငံတွေမှာ လိုငွေ ပိုငွေ ရှိကြတာချည်းမို့ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုဟာ အမေရိကန်ရဲ့ တာဝန်ရှိမှုကြောင့်ပဲ၊ ထပ်ဆောင်းခွန် မူဝါဒနဲ့ မဆိုင်ဘူး” လို့ ဆားဂျန့်က ပြောပါတယ်။
ထရမ့်ကတော့ ထပ်ဆောင်းခွန် ကောက်ခံမယ့် အဆိုပြု တရုတ်ကုန်စည်စာရင်းကို ၁၅ ရက်အတွင်း ကြေညာဖို့ ကုန်သွယ်ရေးဝန်ကြီး ရောဘတ် လိုက်သီဇာကို ညွှန်ကြားပြီးပါပြီ။
အမေရိကန်နိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုအပါ် ကန့်သတ်ရေး အဆိုပြုဖို့ အမေရိကန် ဘဏ္ဍာရေးဌာနက ရက် ၆၀ အချိန်ရထားပါတယ်။
3 years Ago