အမေရိကန် ကန့်သတ်

March 22, 2017

အရှေ့အလယ်ပိုင်းမှ ခရီးသည်များ အီလက်ထရောနစ်ပစ္စည်း သယ်ဆောင်ခွင့် အမေရိကန် ကန့်သတ်

အရှေ့အလယ်ပိုင်း မွတ်စလင်နိုင်ငံ ၈ နိုင်ငံက လာရောက်တဲ့ လေယာဉ်စီးခရီးသည်တွေ စမတ်ဖုန်းထက်ကြီးတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို ကိုယ်နဲ့တပါတည်း သယ်ဆောင်ခွင့်မပြုကြောင်း အမေရိကန်အာဏာပိုင်တွေက မတ် ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ စမတ်ဖုန်းထက်ကြီးတဲ့ လက်တော့ပ်၊ တက်ပလက်၊ ကင်မရာ၊ ဒီဗွီဒီစက်တွေနဲ့ အီလက်ထရောနစ် ဂိမ်းစက်တွေထဲမှာ ဖောက်ခွဲရေးပစ္စည်း ထည့်သွင်းနိုင်လို့ အခုလို ကန့်သတ်လိုက်တာလို့ အမေရိကန်လုံခြုံရေးအေဂျင်စီ (DHS) က ပြောပါတယ်။ ဒီကန့်သတ်မှုမှာ စမတ်ဖုန်းတွေတော့ မပါဝင်ဘဲ လေယာဉ်စီးခရီးသည်တွေ ကိုယ်နဲ့တပါတည်း ကိုင်ဆောင်ခွင့် ပြုထားပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်း မွတ်စလင်နိုင်ငံတွေက လေဆိပ် ၁၀ ခုကို ပျံသန်းနေတဲ့ လေကြောင်းလိုင်း ၉ ခုဟာ ဒီကန့်သတ်မှုမှာ အကျုံးဝင်ပါတယ်။ ဗြိတိန်နိုင်ငံကလည်း မတ် ၂၁ ရက်နေ့က အလားတူပဲ လက်တော့ပ်တွေကို လူနဲ့ သယ်ဆောင်ခွင့် မပြုဘူးလို့ ကန့်သတ်လိုက်ပါတယ်။ တူရကီနိုင်ငံကတော့ အခုလို အမေရိကန်ပြည်ထောင်စုက ကန့်သတ်ပိတ်ပင်မှုဟာ မမှန်ကန်ဘူး၊ ပြန်ဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။ စမတ်ဖုန်းတွေကလွဲရင် ကျန်တဲ့ အီလက်ထရောနစ်ပစ္စည်းတွေ အားလုံးကို ဝန်စည် အထုပ်အပိုးအနေနဲ့ပဲ သယ်ဆောင်ခွင့်ပြုတော့မှာဖြစ်ပြီး အခုကန့်သတ်မှုမှာ အကျုံးဝင်တဲ့ လေဆိပ်တွေဟာ မော်ရိုကို၊ တူရကီ၊ ဂျော်ဒန်၊ အီဂျစ်၊ ကူဝိတ်၊ ကာတာ၊ ယူအေအီးနဲ့ ဆော်ဒီနိုင်ငံက လေဆိပ်တွေ ဖြစ်ပါတယ်။ ဒီကန့်သတ်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မွတ်စလင် ၆ နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုနဲ့ သက်ဆိုင်မှုမရှိဘူးလို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။
5 years Ago
Up