အမေရိကန်နှင့် တောင်ကိုရီးယား၏ စစ်ရေးစီမံကိန်းများကို မြောက်ကိုရီးယားဟက်ကာ ခိုးယူ

October 11, 2017

အမေရိကန်နှင့် တောင်ကိုရီးယား၏ စစ်ရေးစီမံကိန်းများကို မြောက်ကိုရီးယားဟက်ကာ ခိုးယူ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို လုပ်ကြံဖို့ အပါအဝင် တောင်ကိုရီးယားရဲ့ လျှို့ဝှက် စစ်ရေးမှတ်တမ်းမှတ်ရာ အတော်များများကို မြောက်ကိုရီးယားဟက်ကာက ခိုးယူခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား ရေးဆွဲထားတဲ့ စစ်ကာလဖြစ်နိုင်ချေ စီမံကိန်းတွေ အပါအဝင် စေ့စပ်ညှိနှိုင်းရေး မှတ်တမ်းမှတ်ရာတွေ ခိုးယူခံခဲ့ရတာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ရတဲ့ သတင်းအချက်အလက်ကို ကိုးကားပြီး တောင်ကိုရီးယား လွှတ်တော်အမတ် ရီချီယိုဟီးက ပြောခဲ့တာပါ။ ခိုးယူခံရတဲ့ မှတ်တမ်းမှတ်ရာတွေထဲမှာ မိတ်ဘက်နိုင်ငံတွေရဲ့ အကြီးတန်းတပ်မှူးတွေကို ပို့တဲ့ အစီရင်ခံစာတွေ ပါဝင်ပြီး အခုအချိန်အထိ ဒီစွပ်စွဲချက်အပေါ် တောင်ကိုရီးယား ကာကွယ်ဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ ငြင်းဆန်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယား အထူးတပ်တွေရဲ့ စီမံကိန်းတွေက တောင်ကိုရီးယားနိုင်ငံအတွင်း စစ်အဆောက်အအုံတွေ၊ အရေးပါတဲ့ စွမ်းအင်ထုတ်စက်ရုံတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေနဲ့အတူ ခိုးယူခံခဲ့ရတာပါ။ မစ္စတာဟီးဟာ တောင်ကိုရီးယား အာဏာရပါတီကဖြစ်ပြီး လွှတ်တော်ရဲ့ ကာကွယ်ရေးကော်မတီ ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေး သတင်းအချက်အလက်ဌာန (Integrated Data Center) ကနေ စစ်ရေးမှတ်တမ်း ၂၃၅ ဂစ်ဂါဘိုက် အခိုးခံခဲ့ရတယ်လို့ မစ္စတာဟီးက ပြောလိုက်ပြီး ခိုးခံရတဲ့အထဲက ၈၀ ရာခိုင်နှုန်းကို ခုထိ မသိရှိရသေးဘူးလို့ ဆိုပါတယ်။ သတင်းအချက်အလက် ခိုးယူမှုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဖြစ်ပြီး အခုနှစ် မေလကမှ မြောက်ကိုရီးယားက တောင်ကိုရီးယား ကွန်ပျူတာစနစ်ကို တိုက်ခိုက်ပြီး သတင်းအချက်အလက် အများကြီး ခိုးယူခံခဲ့ရတယ်လို့ တောင်ကိုရီးယားက ပြောခဲ့တာပါ။ ဒါပေမယ့် ဘယ်သတင်းအချက်အလက်တွေ ခိုးယူခံရတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစိုးရဌာနတွေရဲ့ ဝက်ဘ်ဆိုက်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဦးတည်ပြီး အိမ်နီးချင်း ကွန်မြူနစ်နိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ လုပ်ခဲ့တယ်လို့ တောင်ကိုရီးယား ယွန်ဟက်သတင်းဌာနက ပြောပါတယ်။ အထီးကျန်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားမှာ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံခြားရပ်ခြားမှာ အထူးလေ့ကျင်ထားတဲ့ သတင်းအချက်အလက်ခိုးယူသူ ဟက်ကာ အမြောက်အမြား ရှိမယ်လို့ ယူဆနေကြပါတယ်။ မြောက်ကိုရီးယားကတော့ ဒီစွပ်စွဲချက်က မမှန်မကန်ဘဲ ထွင်လုံးသက်သက်သာ ဖြစ်တယ်လို့ ပြောကြောင်း ဘီဘီစီသတင်းမှာ အောက်တိုဘာ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up