အမေရိကန်နှင့် ခိုင်မာသည့်ဆက်ဆံရေး ဆက်ထားနိုင်ရန် အီးယူ မျှော်လင့်

A d v e r t i s e m e n t With Us

November 15, 2016

အမေရိကန်နှင့် ခိုင်မာသည့်ဆက်ဆံရေး ဆက်ထားနိုင်ရန် အီးယူ မျှော်လင့်

အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီး အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ ပထမဆုံး တွေ့ဆုံခဲ့ကြပြီး အမေရိကန်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ဆက်လက်ထားရှိနိုင်ဖို့ မျှော်လင့်တယ်လို့ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေက ပြောဆိုကြပါတယ်။ နောက်တက်လာမယ့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ အသေးစိတ် မသိသေးပေမယ့် အမေရိကန်နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပဲ မျှော်လင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောဆိုကြတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ဗြိတိန်၊ ပြင်သစ်နဲ့ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးတွေတော့ မတက်ရောက်ကြပါဘူး။ အရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေတုန်းက နေတိုးအဖွဲ့ဝင်နိုင်ငံတနိုင်ငံ တိုက်ခိုက်ခံရတယ်ဆိုရင် အမေရိကန်နိုင်ငံက အလိုအလျောက် ဝင်ကူပေးတာမျိုးတွေ ရှိချင်မှ ရှိတော့မယ်လို့ ပြောဆိုခဲ့ဖူးတာပါ။ “လာမယ့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့လက်ထက်မှာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဆန်ဆန် နိုင်ငံခြားရေးမူဝါဒမျိုးပဲ မျှော်လင့်ရပြီး အီးယူနိုင်ငံတွေဘက်ကလည်း ကိုယ့် ဥရောပပုံစံမျိုးနဲ့ပဲ သွားသင့်တယ်” လို့ အီးယူကောင်စီ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဆလိုဗက်ကီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ အီးယူနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးဆွေးနွေးပွဲကျရင်တော့ အီးယူ နိုင်ငံခြားရေးဝန်ကြီး ၂၈ ယောက်လုံး တက်ရောက်ကြမှာဖြစ်ပြီး တူရကီနိုင်ငံနဲ့ အီးယူတို့ရဲ့ ဆက်ဆံရေး၊ ဆီးရီးယားနိုင်ငံအရေးနဲ့ နေတိုးစစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။
4 years Ago
Up