အမေရိကန်နှင့် မြောက်ကိုရီးယား ထိပ်တိုက်ဆွေးနွေးရန် တရုတ်တိုက်တွန်း

A d v e r t i s e m e n t With Us

February 16, 2016

အမေရိကန်နှင့် မြောက်ကိုရီးယား ထိပ်တိုက်ဆွေးနွေးရန် တရုတ်တိုက်တွန်း

အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံ တာဝန်ရှိသူတွေ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ပြဿနာတွေကို ဖြေရှင်းကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ လွှတ်တင်တဲ့ ဒုံးပျံကိစ္စနဲ့ ပတ်သက်လို့ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန် တိုက်တွန်းချက်ကို ရိုက်တာသတင်းက ရေးပါတယ်။ ဒီဒုံးပျံလွှတ်တင်မှုအပေါ် တရုတ်နိုင်ငံက ဒေါသထွက်ခဲ့သလို အမေရိကန်ပြည်ထောင်စုက ဒုံးပျံကာကွယ်ရေးစနစ်ကို တောင်ကိုရီးယားနိုင်ငံမှာ ဖြန့်ချမယ့် အစီအစဉ်ပေါ်ကိုလည်း စိုးရိမ်ပူပန်ကြောင်း ပြောခဲ့ပါတယ်။ တဘက်ချင်းစီရဲ့ စိုးရိမ်မှုကို ဖြေရှင်းဖို့ နည်းလမ်းရှာရအောင် ဆက်သွယ်ညှိနှိုင်း ဆွေးနွေးဖို့ သူက တိုက်တွန်းပြောဆိုပြီး နောက်ဆုံးမှာ အားလုံးလိုချင်တဲ့ ပန်းတိုင် ရောက်ရှိစေမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။ မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တာဝေးပစ်ဒုံးပျံတစင်း ပစ်လွှတ်ခဲ့ရာမှာ ဂြိုဟ်တုလွှတ်တင်တာလို့ အကြောင်းပြခဲ့ပါတယ်။ ဇန်န၀ါရီလတုန်းကလည်း နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခဲ့တာကြောင့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုကို ခံနေရချိန်မှာ နောက်တကြိမ် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားကတော့ ငြိမ်းချမ်းရေး ရည်ရွယ်ချက်နဲ့ လွှတ်တင်တာလို့ ပြောပေမယ့် တောင်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဒီဆောင်ရွက်ချက်ဟာ ပဲ့ထိန်းဒုံးကျည် နည်းပညာကို အသုံးပြုတာကြောင့် ကုလမသဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ မြောက်ကိုရီးယားရဲ့ ပြီးခဲ့တဲ့လ နျူကလီးယားဗုံး ဖောက်ခွဲစမ်းသပ်မှုကိုလည်း ကုလသမဂ္ဂက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ အိမ်နီးချင်းလည်းဖြစ်၊ ကုလသမဂ္ဂမှာ အကာအကွယ်ပြုနေတဲ့ တရုတ်နိုင်ငံကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ ဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်းပါတယ်။ ၂၀၀၈ ခုနှစ်မှာ စေ့စပ်ညှိနှိုင်းမှု ပျက်ယွင်းခဲ့ရပြီးကတည်းက တွေ့ဆုံဆွေးနွေးပွဲ ပေါင်းစုံကို ပြန်လည်စတင်နိုင်ဖို့ အကြိမ်အတော်များများ ကြိုးပမ်းခဲ့ပေမယ့် ပြန်လည်စတင်နိုင်ခြင်း မရှိသးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ခြောက်နိုင်ငံ အစည်းအဝေး ရည်ရွယ်ချက်ဟာ မြောက်ကိုရီးယား လက်နက်အစီအစဉ်အပေါ် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ဖြစ်ပါတယ်။ ခြောက်နိုင်ငံထဲမှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်းတို့ ပါဝင်ကြပါတယ်။ တရုတ်နိုင်ငံရဲ့ အင်္ဂလိပ်ဘာသာနဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် ချိုင်းနားဒေးလီးသတင်းစာ အယ်ဒီတာအာဘော်ခန်းမှာ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အသစ်လုပ်ဖို့ ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်။ “နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ ဒီမိုကရက်တစ် ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယားနိုင်ငံ) ဟာ အရင်ကထက် ပိုမိုခြိမ်းခြောက်လာပြီ” လို့ ဖော်ပြ ရေးသားခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က မြောက်ကိုရီးယားဟာ သူ့အမူအကျင့်အတွက် တန်ရာတန်ကြေး ပေးရမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ နျူကလီးယား စမ်းသပ်မှုနဲ့ ဒုံးကျည်ပစ်အပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာနေပါတယ်။ ဒုံးပျံလွှတ်တင်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားတို့က အမေရိကန် ဒုံးပျံကာကွယ်ရေးစနစ် တောင်ကိုရီးယားမှာ ဖြန့်ကျက်မယ်လို့ ပြောဆိုနေသလို ဂျပန်နိုင်ငံကလည်း ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့ပါတယ်။ တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ မြောက်ကိုရီးယား ပိုင်နက်ထဲက ကေဆောင် (Kaesong) စက်မှုဇုန်ကို ဆိုင်းငံ့ပစ်ခဲ့ပါတယ်။ ဒီနောက် မြောက်ကိုရီးယားက စစ်ကြေညာခဲ့ပြီး စက်မှုဇုန်မှာ လုပ်နေတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေကို မောင်းထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong က ကိုရီးယားကျွန်းဆွယ်ဟာ ရှုပ်ထွေးပြီး အထိအခိုက်မခံတဲ့ အခြေအနေဖြစ်တယ်လို့ ဖြေဆိုသွားပါတယ်။ ဒီလိုတင်းမာမှုဖြစ်နေချိန်မှာ အမေရိကန်ပြည်ထောင်စု နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော USS North Carolina ဟာ အရှေ့အာရှမှာ ကျင်းပတဲ့ သုံးရက်ကြာ ကိုရီးယား-အမေရိကန် ပူးတွဲလေ့ကျင့်မှုကို ဆောင်ရွက်နေပြီး မြောက်ကိုရီးယားရဲ့ ရေအောက်တိုက်ခိုက်မှုကို ပိုမိုကြိုတင်ဟန့်တားနိုင်ဖို့ ဖြစ်တယ်လို့ တောင်ကိုရီးယားရေတပ်က ထုတ်ပြန်ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ပေမယ့် တောင်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက် ကိုင်ဆောင်ဖို့ လတ်တလောမှာ အစီအစဉ်မရှိဘူးလို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မနက် ပါလီမန် ကာကွယ်ရေးကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
5 years Ago
Up