အမေရိကန်နိုင်ငံသားက ရဲစခန်းတွင် တိုင်ကြား

May 30, 2017

သေနတ်ပြ ခြိမ်းခြောက်သည့် ထိုင်းလူငယ်ကို အမေရိကန်နိုင်ငံသားက ရဲစခန်းတွင် တိုင်ကြား

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ နာမည်ကြီးကုန်တိုက်တခုရဲ့ ကားရပ်နားရာနေရာမှာ နိုင်ငံခြားသားတဦးမှ သူ့ကားရှေ့ကနေ ဖြတ်မောင်းသွားတဲ့အတွက် ထိုင်းလူငယ်တဦးက စိတ်ဆိုးပြီး သေနတ်ပြ ခြိမ်းခြောက်မှု  မေ ၂၈ ရက်က ဖြစ်ပွားခဲ့ပါတယ်။ ကားတစီးပေါ်မှ လူရွယ်တဦး သေနတ်ထောင်ပြတဲ့ပုံတွေ လူမှုကွန်ရက်မှာ ပြန့်နေသလို နိုင်ငံခြားသားတဦးကလည်း နီးစပ်ရာရဲစခန်းမှာ လာရောက်အမှုဖွင့် တိုင်တန်းထားတဲ့အတွက် တာဝန်ရှိရဲတွေက ကားပိုင်ရှင်လူငယ်ကို စုံစမ်းရှာဖွေပြီး ရဲစခန်းမှာ လာရောက်ဖြေရှင်းစေခဲ့ပါတယ်။ ကျူးလွန်သူလူငယ်မှာ အသက် ၁၇ နှစ်ရွယ်ရှိ နိုင်းအေး (အမည်ရင်းမဟုတ်) ဆိုသူဖြစ်ပြီး မေ ၂၉ ရက် မနက်ပိုင်းက မယ့်ပင်းနယ်မြေရဲစခန်းကို မိခင်နဲ့အတူ ရောက်လာကာ မေ ၂၈ ရက်က အဆိုပါ နိုင်ငံခြားသား သူ့ကားရှေ့က ဖြတ်မောင်းတဲ့အတွက် စိတ်ဆိုးပြီး သေနတ်ပြောင်းဝ မိုးပေါ်ထောင်ပြခဲ့ကြောင်း၊ အဲဒီနောက် လိုရာခရီးဆက်ခဲ့တယ်လို့  ဖွင့်ဟဝန်ခံသွားပါတယ်။ ခြိမ်းခြောက်ခံရသူ နိုင်ငံခြားသားမှာ အမေရိကန်နိုင်ငံသားဖြစ်ပြီး အဲဒီနေ့က မိသားစုနဲ့အတူ ကုန်တိုက်ကို လာရောက်လည်ပတ်ရင်း မမျှော်လင့်ဘဲ သေနတ်နဲ့ ခြိမ်းခြောက်ခံခဲ့ရ တာဖြစ်ကြောင်း၊ ကားထဲမှာ ကလေးငယ် ပါလာသလို ဇနီးဖြစ်သူမှာလည်း ဒီနေ့ထိ ကြောက်စိတ်မပြေဘဲ ထိတ်လန့်နေတယ်လို့ ရဲစခန်းကို တိုင်ကြားပါတယ်။ ရဲစခန်းက ကျူးလွန်တဲ့လူငယ်ကို ပုဒ်မ ၃၉၂ အရ အများသူငှာအား အထိတ်တလန့်ဖြစ်အောင်ပြုမူမှုနဲ့ အရေးယူသွားမှာ ဖြစ်သလို ယာဉ်မတော်တဆ ထိခိုက်မှုအများစုမှာ အလျင်လိုမှု၊ စိတ်မြန်မှု၊ စိတ်တိုမှု၊ သည်းမခံနိုင်မှုတွေကြောင့် ဖြစ်ရတာမို့  အထူးသတိထား မောင်းနှင်ကြဖို့  တိုက်တွန်းပြောဆိုသွားပါတယ်။
4 years Ago
Up