အမေရိကန်လေတပ် ဘီ ၅၂ ဗုံးကြဲလေယာဉ် မြောက်ကိုရီးယားနယ်စပ်အနီး ပျံသန်း

January 11, 2016

အမေရိကန်လေတပ် ဘီ ၅၂ ဗုံးကြဲလေယာဉ် မြောက်ကိုရီးယားနယ်စပ်အနီး ပျံသန်း

မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်ဗုံးကို အောင်အောင်မြင်မြင် စမ်းသပ်ထုတ်လုပ်နိုင်ပြီလို့ ကြေညာခဲ့အပြီး အမေရိကန်လေတပ် ဘီ ၅၂ ဗုံးကြဲလေယာဉ်တစီးကို ဇန်န၀ါရီ ၁၀ ရက်နေ့က မြောက်ကိုရီးယားနယ်စပ်အနီး အင်အားပြ ပျံသန်းခဲ့ပါတယ်။ ဒီ ဘီ ၅၂ ဗုံးကြဲလေယာဉ်ဟာ နျူကလီးယားဗုံး သယ်ဆောင်နိုင်ပြီး ဂူအမ်ကျွန်းက အမေရိကန် လေတပ်အခြေစိုက်စခန်းမှာ ရှိပါတယ်။ မြောက်ကိုရီးယား နယ်စပ်အနီးက လေတပ်အခြေစိုက် စခန်းတခုဖြစ်တဲ့ အိုဆန်လေတပ်စခန်းက အနိမ့်ပျံသန်း အင်အားပြခဲ့ပြီး အမေရိကန် အက်ဖ်-၁၆ တိုက်လေယာဉ်တစီးနဲ့ တောင်ကိုရီးယားလေတပ်က အက်ဖ်-၁၅ တိုက်လေယာဉ်တစီးတို့က ခြံရံခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ် မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်ဗုံးတလုံး ဖောက်ခွဲနိုင်ခဲ့တယ်လို့ ကြေညာခဲ့တဲ့အပေါ် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ဒေါသထွက်ခဲ့ကြပြီး နိုင်ငံတကာကလည်း အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံအရေး ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားရဲ့ ကြေညာချက်အပေါ် သိပ်ယုံကြည်မှုတော့ မရှိကြပါဘူး။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကတော့ အမေရိကန်က နျူကလီးယားနဲ့ တိုက်ခိုက်လာရင် ကာကွယ်ဖို့လို့ ပြောပါတယ်။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲခဲ့အပြီး တောင်ကိုရီးယားနိုင်ငံက နယ်စပ်ကနေ မြောက်ကိုရီးယား ဆန့်ကျင်ရေး ၀ါဒဖြန့် အသံလွှင့်တာတွေ ပြန်လုပ်ခဲ့သလို  မြောက်ကိုရီးယားနိုင်ငံဘက်ကလည်း တန်ပြန် အသံလွှင့်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်လေတပ် တပ်မှူးကြီးက ဒီ ဘီ ၅၂ ဗုံးကြဲလေယာဉ် အင်အားပြ ပျံသန်းမှုဟာ မြောက်ကိုရီးယားနိုင်ငံကို တုံ့ပြန်ပျံသန်းတာဖြစ်ပြီး မဟာမိတ် တောင်ကိုရီးယားနိုင်ငံကို ဘယ်လိုခြိမ်းခြောက် ရန်လိုမှုမျိုးကိုမဆို ကာကွယ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
7 years Ago
Up