ရုရှားရဲ့ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေရိကန်က စိတ်ဆိုးပြီး အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့အပေါ် ချက်ချင်း လက်တုံ့မပြန်တဲ့အတွက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို အမေရိကန်သမ္မတသစ် ဒေါ်နယ်လ်ထရမ့်က ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ချီးကျူးလိုက်ပါတယ်။
ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ သမ္မတပူတင်ကို ရည်ညွှန်းပြီး “ချက်ချင်း လက်တုံ့မပြန်တာ ကောင်းပါတယ်။ သူဟာ အလွန်တော်တဲ့ လူတယောက်ဆိုတာ ကျနော် အမြဲသိပါတယ်” လို့ ချီးကျူးရေးသားထားပါတယ်။
ဆန်ဖရန်စစ္စကိုမှာရှိတဲ့ ရုရှားသံတမန်အကြီးအကဲ ဆာဂျီ ပီထရော့ဗ် (SERGEY PETROV) ကတော့ “အမေရိကန်ရဲ့ ပိတ်ဆို့မှုဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်တဲ့ ကျိုးကြောင်းမဆီလျော်တဲ့ လုပ်ရပ်” လို့ ဝေဖန်ပါတယ်။
အဲဒီနောက် ဆက်ပြီး “ဆန်ဖရန်စစ္စကို ကောင်စစ်ဝန်ရုံးမှာ ကလေး ၃ ဦး အပါအဝင် စုစုပေါင်း လူ ၁၁ ဦးရှိပြီး နာရီပိုင်းအတွင်း ထွက်ခွာဖို့ အမိန့်ပေးတာကြောင့် ပြင်ဆင်ချိန် ကောင်းကေင်းမရကြောင်း” ရှင်းပြသွားပါတယ်။
ဒီ့နောက် “အမေရိကန်က စပိုင်လို့ စွပ်စွဲတဲ့ သံဝန်ထမ်းတယောက်ကို ချက်ချင်း မောင်းထုတ်ခဲ့ကြောင်း၊ ကောင်စစ်ဝန်အတွက် ထမင်းဟင်းချက်ပေးသူလည်း ချက်ချင်းထွက်သွားတာကြောင့် နယူးရီးယား နှစ်သစ်ကူးညစာကိုတောင် သူတို့ကိုယ်တိုင် ချက်ပြုတ်နေရကြောင်း” ဆက်ပြောပါတယ်။
စီအိုင်အေနဲ့ တခြား အမေရိကန်ထောက်လှန်းရေး အသိုင်းအဝိုင်းကတော့ ရုရှားစပိုင်တွေဟာ ဒီမိုကရက်ပါတီ လျှို့ဝှက်ချက်တွေကို ဆိုက်ဘာနည်းနဲ့ ခိုးယူခဲ့ပြီး သမ္မတလောင်း ဟီလာရီ ကလင်တန် ရှုံးနိမ့်အေင်လုပ်ခဲ့တယ်၊ ရီပတ်ဘလစ်ကန် သမ္မတလောင်း ထရမ့် အနိုင်ရအောင် ကူညီခဲ့တယ်လို့ စွပ်စွဲပါတယ်။
ဒီ့အတွက် သမ္မတ အိုဘားမား အကြီးအကျယ်စိတ်ဆိုးပြီး ရုရှားသံဝန်ထမ်း ၃၅ ဦးကို တိုင်းပြည်ကနေ ချက်ချင်းထွက်ဖို့ ဒီဇင်ဘာ ၂၉ ရက်နေ့က မောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားဘက်ကတော့ စီအိုင်အေရဲ့ စွပ်စွဲချက်တွေကို မမှန်ကန်တဲ့ စွပ်စွဲချက်အဖြစ် ပြန်လည်ငြင်းဆိုထားပါတယ်။
6 years Ago