အမေရိကန်အာကာသယာဉ် လွှတ်တင်မည် (ရုပ်သံ)

June 1, 2017

နေနှင့်အနီးဆုံးကို သွားမည့် အမေရိကန်အာကာသယာဉ် လွှတ်တင်မည် (ရုပ်သံ)

နေနဲ့အနီးဆုံးကို သွားပြီး နေကို လေ့လာမယ့် အမေရိကန် အာကာသယာဉ်တစီးကို လာမယ့်နှစ်မှာ လွှတ်တင်ဖို့ နာဆာက စီစဉ်နေပါတယ်။ လာမယ့်နှစ်မှာ အာကာသထဲ လွှတ်တင်ဖို့ စီစဉ်ထားတဲ့ အမေရိကန် အာကာသယာဉ်တစီးဟာ တစ်ခါမှ မကြုံဖူးသေးတဲ့ ပထမဆုံးအကြိမ်အဖြစ် နေရဲ့အနားကို သွားရောက်လေ့လာမယ်လို့ သိပ္ပံပညာရှင်တွေက မေလ ၃၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အဲဒီအာကာသယာဉ်ဟာ နေရဲ့အနား မိုင်ပေါင်း ၄ သန်းလောက်ကနေ လှည့်ပတ်လေ့လာမှာ ဖြစ်တာကြောင့် စွမ်းအားမြင့် အပူလှိုင်းတွေ၊ အသံထက်မြန်တဲ့နှုန်းနဲ့ ရွေ့လျားနေတဲ့ အရာဝတ္ထုတွေရဲ့ ပွတ်တိုက်မှုနဲ့ အပူချိန် ၂၅၀၀ ဖာရင်ဟိုက်လောက်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတယ်လို့ ပြောပါတယ်။ မိုင်ပေါင်း ၈၉ သန်း အကွာအဝေးကနေ အချက်အလက်တွေကို ပြန်လည်ပေးပို့ပြီး သိပ္ပံပညာရှင်တွေကို နေရဲ့အကြောင်း လေ့လာရာမှာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ Solar Probe Plus လို့ သိထားကြတဲ့ အခုအစီအစဉ်ကို ၂၀၁၄ ခုနှစ်ထဲကနေ စတင်အတည်ပြုပေးခဲ့တာလို့ သိရပါတယ်။ နောက်ပိုင်းမှာ အဲဒီအာကာသယာဉ်ကို နေရဲ့ပတ်ဝန်းကျင်မှာ လေထုရှိပြီး နေကနေ ထွက်လာတဲ့ အဆက်မပြတ် ရွေ့လျားနေတဲ့ အမှုန်တွေရှိနေတယ် ဆိုတာကို ၁၉၅၈ ခုနှစ်တည်းက ကြိုတင်ခန့်မှန်းနိုင်ခဲ့တဲ့ ချီကာဂိုတက္ကသိုလ်က ရူပဗေဒပညာရှင် ယူဂျင်းပါကာကို ဂုဏ်ပြုပြီး အဲဒီယာဉ်ကို Parker Solar Probe လို့ နာမည်ပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
4 years Ago
Up