အမေရိကန်သံအမတ်

November 3, 2018

မဲပေးသူထက် မီဒီယာတွေများနေဟု အမေရိကန်သံအမတ်ပြော  

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲလာပေးဖို့ရှိနေတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မဲရုံအမှတ် (၃) ခြင်းလုံးအားကစားရုံကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး စကော့မာစီရယ် ဒီကနေ့ မနက်က လာရောက်ကြည့်ရှုသွားပါတယ်။ မဲရုံရှေ့မှာ ဆန္ဒမဲလာပေးသူဦးရေထက် မီဒီယာတွေကပိုများနေတာကို မြင်တွေ့ရတယ်လို့ သံအမတ်ကြီးက ပြောသွားပါတယ်။ အမေရိကန်မှာလည်းလွှတ်တော် သက်တမ်းဝက်ကာလ ရွေးကောက်ပွဲတွေရှိနေတဲ့အကြောင်းနဲ့ သူကိုယ်တိုင် ဆန္ဒမဲပေးပြီးသွားပြီဖြစ်တယ်လို့ လည်း အမေရိကန် သံအမတ်က ပြောသွားပါတယ်။ တာမွေမြို့နယ်၊ မဲရုံအမှတ် (၃) မှာ ဆန္ဒမဲပေးခွင့်ရှိသူ သမ္မတကြီး အပါအ၀င် အမျိုးသား ၃၈၀ ၊ အမျိုးသမီး ၅၂၇ ဦး စုစုပေါင်း ၉၀၇ ဦးရှိပါတယ်။ သမ္မတကတော့ မနက် ၁၀နာရီခွဲ အချိန်လောက်အထိ မဲလာရောက်ပေးခြင်းမရှိသေးဘဲ ပြည်တွင်းပြည်ပက သတင်းမီဒီယာသမား ၁၀၀ ကျော်လောက်က မဲရုံရှေ့မှာ စောင့်ဆိုင်းနေသလို၊ ရဲလုံခြုံရေး တပ်ဖွဲ့တွေလည်း မြေပြင်မှာရော တိုက်ခေါင်မိုးပေါ်မှာပါ တင်းကျပ်ချထားပါတယ်။ ဓာတ်ပုံ- စိုးမိုးအောင်
3 years Ago

October 10, 2018

ကုလဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ပိုဝဲလ်ကို ခန့်အပ်ရင် စဉ်းစားနေဟု ထရမ့်ပြော

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် Goldman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့ ငွေကြေးလုပ်ငန်းဆိုင်ရာ ဌာနကြီးရဲ့ အကြီးအကဲဟောင်းလည်းဖြစ်၊ အိမ်ဖြူတော် အကြံပေးဟောင်းလည်းဖြစ်တဲ့ ဒီနာဟတ်ဘိဘ် ပိုဝဲလ်ကို အစားထိုးခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၉  ရက်မှာ ပြောပါတယ်။ သမ္မတ ထရမ့်ဟာ အိုင်အိုဝါပြည်နယ်က အခမ်းအနားတခု တက်ရောက်ဖို့ အိမ်ဖြူတော်က မထွက်ခွာခင်မှာ သတင်းထောက်တွေကို ပြောသွားတာဖြစ်ပါတယ်။ ပိုဝဲလ်ဟာ ထရမ့် အစိုးရအဖွဲ့သက်တမ်း ပထမတနှစ်မှာ မဟာဗျူဟာဆိုင်ရာ ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အရှေ့အလယ်ပိုင်းဒေသမှာ သံတမန်ရေး ကြိုးပမ်းမှုတွေမှာ အဓိက ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက် ဒီနှစ်အစောပိုင်းမှာ သူဆယ်နှစ်ကျော်လောက် အလုပ်လုပ်ခဲ့ဖူးတဲ့ Goldman sachs လုပ်ငန်းဆီ ပြန်ပြီးတာဝန်ထမ်းဆောင်ခဲ့တာပါ။ Powell ဟာ အရင် ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘွတ်ရှ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အဆင့်မြင့်အရာရှိတဦးလည်း ဖြစ်တယ်လို့ ဟားဗတ် ကန်နတ်ဒီကျောင်းက ပြောထားပါတယ်။ လက်ရှိ အမေရိကန် ကုလသမဂ္ဂသံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နစ်ကီဟာလေဟာ  ဒီနှစ်ကုန်ရင် ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာထားတာပါ။ နစ်ကီဟာလေ နုတ်ထွက်မယ့်ကိစ္စကို သမ္မတရဲ့ ဘဲဥပုံရုံးခန်းမှာ အင်္ဂါနေ့မနက်ပိုင်းက ဆွေးနွေးခဲ့ကြပါတယ်။ အခု ဒီရာထူးအတွက် Powell ကို စဉ်းစားနေကြောင်း ကြေညာလိုက်တဲ့အတွက် ထရမ့်ရဲ့သမီး အီဗန်ကာအတွက် လျာထားတယ်ဆိုပြီး ထင်ကြေးတွေ လွဲသွားပါတယ်။ အီဗန်ကာဟာ ဒီရာထူးအတွက် အရည်အချင်း ရှိပေမယ့် သူ့သမီးကို ရွေးချယ်လိုက်ရင် ထရမ့်ဟာ ဆွေမျိုးကောင်းစားရေး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်ဖြေရှင်းနေရမယ်ဆိုပြီး သတင်းထောက်တွေကို ပြောသွားပါတယ်။
3 years Ago
More News
Up