အမေရိကန်သမ္မတ၏ ပြောစကား စစ်ကြေညာခြင်းဖြစ်ဟု မြောက်ကိုရီးယားဝန်ကြီး ပြော

September 26, 2017

အမေရိကန်သမ္မတ၏ ပြောစကား စစ်ကြေညာခြင်းဖြစ်ဟု မြောက်ကိုရီးယားဝန်ကြီး ပြော

အမေရိကန်သမ္မတရဲ့ ပြောစကားတွေဟာ မြောက်ကိုရီးယားကို စစ်ကြေညာလိုက်တာဖြစ်ပြီး မြောက်ကိုရီးယားကလည်း အမေရိကန် ဗုံးကြဲလေယာဉ်တွေကို ပစ်ချတာ အပါအဝင် တန်ပြန်နည်းလမ်းတွေနဲ့ တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ ရောက်ရှိလာတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုဟာ စက်တင်ဘာ ၂၅ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဟိုတယ်တခုရှေ့မှာ သတင်းထောက်တွေကို အဲဒီလို ပြောကြားလိုက်တာပါ။ "ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာ ဒေါ်နယ်ထရမ့်က ကျနော်တို့ရဲ့ ခေါင်းဆောင်မှုဟာ အချိန်ကြာကြာ ရှိတော့မှာမဟုတ်ဘူးဆိုပြီး ပြောပါတယ်။ ဒီစကားဟာ နောက်ဆုံးတော့  ကျနော်တို့ကို စစ်ကြေညာလိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစကားက လက်ရှိ အမေရိကန်သမ္မတဆီက လာတဲ့ စကားဖြစ်လို့ပါ။ ရှင်းရှင်းလေးပါပဲ၊ ဒါ စစ်ကြေညာတာပါ” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ပြောကြားသွားတာပါ။ “အမေရိကန်က ကျနော်တို့ကို စစ်ကြေညာပြီဆိုတော့ ကျနော်တို့ကလည်း တန်ပြန်တုံ့ပြန်မှုလုပ်နိုင်မယ့် အခွင့်အရေး အကုန်လုံးရှိသွားပါပြီ။ ဒီအခွင့်အရေးတွေထဲမှာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ ကျနော်တို့နိုင်ငံရဲ့ လေကြောင်းပိုင်နက်အတွင်းမှာ ရှိမနေဘဲနဲ့တောင် ပစ်ချခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးကို ကျနော်တို့ အသုံးပြုသွားမှာပါ” လို့ ရီယောင်ဟိုက ဆိုပါတယ်။ ဒီနောက် သူက ဆက်ပြီး “ကျနော်တခု ဖြည့်ပြောချင်ပါတယ်။ အခု ထရမ့်ရဲ့ စစ်ကြေညာလိုက်တဲ့ အခြေအနေမှာ ကျနော်တို့ ခေါင်းဆောင်ကြီးရဲ့ လက်ထဲမှာ ရွေးချယ်စရာ နည်းလမ်းတွေ အားလုံးရှိနေမှာပါ” လို့လည်း ပြောပါတယ်။
6 years Ago
Up