အမေရိကန်သမ္မတ

June 23, 2019

အမေရိကန်သမ္မတ ထရမ့်ထံမှ စာရရှိထားဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဆီက စာတစောင် လက်ခံရရှိထားပြီး စာပါအကြောင်းအရာတွေကို လေးလေးနက်နက် စဉ်းစားမယ်လို့ ပြောကြောင်း မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA က ဇွန် ၂၃ ရက်မှာ ပြောပါတယ်။ ကင်က စာပါအကြောင်းအရာတွေက အင်မတန် ကောင်းတယ်လို့ ရည်ညွှန်းကြောင်းကို KCNA က ပြောပေမယ့် စာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် တွေကိုတော့ မပြောပါဘူး။ စာပါ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ကောင်းတာကြောင့် လေးလေးနက်နက် ချင့်ချိန်စဉ်းစားမယ်လို့ ကင်ဂျုံအန်းက ပြောတယ်လို့ ဆိုပါတယ်။ ဟနွိုင်း ထိပ်သီးညီလာခံမှာ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား သဘောတူညီချက်မရဘဲ ပျက်သွားခဲ့ပြီးတဲ့နောက် နျူကလီးယားဆွေးနွေးပွဲက မရေမရာ ဖြစ်နေဆဲပါ။ မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေကို လုံးဝဥဿုံ စွန့်လွှတ်ရင် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းမယ်လို့ အမေရိကန်က တောင်းဆိုထားပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားလက်နက် တစိတ်တပိုင်းကို စွန့်လွှတ်ပြီး အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ အပြန်အလှန်အနေနဲ့ တောင်းဆိုထားပါတယ်။ နှစ်ဖက် တောင်းဆိုချက်တွေထဲက လုံးဝဥဿုံနဲ့ တစိတ်တပိုင်းကြား ရင်ကြားစေ့လို့ မရသေးတာကြောင့် နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေပါတယ်။
3 years Ago

April 4, 2019

သမ္မတထရမ့်၏ အပန်းဖြေစခန်းထဲ ဝင်ရောက်လာသည့် တရုတ်အမျိုးသမီးတဦးအား ဖမ်းဆီး

အဖျက်အမှောင့်ဆော့ဖ်ဝဲကို ဝှက်စာနဲ့ ရေးထည့်ထားတဲ့ မန်မိုရီစတစ်တခုနဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အပန်းဖြေစခန်းထဲက လုံခြုံရေး စစ်ဆေးရေးစခန်းတွေကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တရုတ်အမျိုးသမီးတဦးကို လျှို့ဝှက်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်တွေက မတ်လ ၃၀ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ကန့်သတ်ပိုင်နက်ကို ဝင်ရောက်မှုနဲ့ အရာရှိတွေကို အမှားတွေ ပြောခဲ့တဲ့အတွက် ဖမ်းဆီး တရားစွဲခဲ့တာလို့ ဖလော်ရီဒါပြည်နယ် တောင်ပိုင်း တရားရုံးအမှုတွဲက ဖော်ပြပါတယ်။ တရုတ်နိုင်ငံသူ ကျန်းယွီကျင်းဟာ သူ့ဓာတ်ပုံနဲ့ တရုတ်နိုင်ငံကူးလက်မှတ်နှစ်ခု လုပ်ထားခဲ့ပြီး ရေကူးကန်ဆီ သွားချင်တယ်လို့ ပြောခဲ့တာပါ။ အပန်းဖြေစခန်းထဲ လာခွင့်ရှိသူ စာရင်းထဲမှာ သူ့နာမည်ကို လျှို့ဝှက်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်တွေက အစောပိုင်းမှာ ရှာမတွေ့ခဲ့ပါဘူး။ ကျန်းဆိုတဲ့ နာမည်ရှင် အမျိုးသားတဦးက ကလပ်အဖွဲ့ဝင် ဖြစ်နေတယ်လို့ ကလပ်မန်နေဂျာက ပြောပါတယ်။ အဲဒီအမျိုးသားက ဖခင်လားလို့ မေးရာမှာ ကျန်းယွီကျင်းက ရှင်းရှင်းလင်းလင်း မဖြေခဲ့ပါဘူး။ အဖွဲ့ဝင်ရဲ့ ဆွေမျိုးဆိုတဲ့ ယူဆချက်နဲ့ အပန်းဖြေစခန်းဆိုင်ရာ အရာရှိတွေက သူ့ကို ဝင်ခွင့်ပေးခဲ့ပါတယ်။ ကုလသမဂ္ဂ တရုတ် အမေရိကန်အသင်းလို့ခေါ်တဲ့ အုပ်စုကလုပ်တဲ့ပွဲတခု တက်ဖို့ လာတာလို့ ကျန်းက ပြောပေမယ့် အဲဒီပွဲ မရှိတာကို အပန်းဖြေစခန်းက ဝန်ထမ်းက တွေ့ခဲ့တာပါ။ ဒါကြောင့် ဧည့်ကြိုတယောက်က လျှို့ဝှက်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်ကို ဆက်သွယ်ပြီး ကျန်းမှာ ဝင်ခွင့် တရားဝင်အထောက်အထား မရှိတဲ့အကြောင်း ကောက်ချက်ချ ပြောဆိုခဲ့တယ်လို့ အမှုတွဲက ဖော်ပြပါတယ်။ ကျန်းကို ဖမ်းအပြီး သူ့မှာ လက်ကိုင်ဖုန်း လေးလုံး၊ ခရီးဆောင်ကွန်ပျူတာ တလုံး၊ external hard drive တခုနဲ့ မန်မိုရီစတစ်တခုကို စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ကြပါတယ်။ မန်မိုရီစတစ်ကို ကနဦး စစ်ဆေးချက်အရ အဖျက်အမှောက် ဆော့ဖ်ဝဲလ်တခု ပါနေတယ်လို့ လျှို့ဝှက်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အမေရိကန် တရားရေးဝန်ကြီးဌာန ပြောခွင့်ရက မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။
3 years Ago
More News
Up