အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် သေနတ်သမားပစ်ခတ်၊ ၁ ဦးသေဆုံး

September 25, 2017

အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် သေနတ်သမားပစ်ခတ်၊ ၁ ဦးသေဆုံး

အမေရိကန် တန်နက်ဆီပြည်နယ် နက်ရှ်ဗီးမြို့က ခရစ်ယာန်ဘုရားကျောင်းမှာ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက  မျက်နှာဖုံးစွပ် သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ဝတ်ပြုဖို့လာရောက်တဲ့ တရားဟောဆရာနဲ့ သူ့ဇနီး ပါဝင်ပါတယ်။ သေနတ်သမားဟာ အသက် ၂၅ နှစ်အရွယ် အီမန်နျူယယ်လ်ကီဒီဂါ ဆမ်ဆွန် ဆိုသူဖြစ်ပြီး စကိတ်စီးမျက်နှာဖုံးစွပ်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ သေနတ်သမားကို ဘုရားကျောင်း ဧည့်ကြိုတဦးက လုံးထွေးသတ်ပုတ်ခဲ့ရာမှာ ဧည့်ကြိုရဲ့ခေါင်းကို သေနတ်သမားရဲ့ သေနတ်နဲ့ အရိုက်ခံခဲ့ရပါတယ်။ သေနတ်သမားဟာ ဘုရားကျောင်းထဲကို ဝင်ရောက်သွားချိန်မှာ ဘုရားဝတ်ပြုနေသူ ၅၀ ခန့် ရှိနေခဲ့ပါတယ်။ သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်ခတ်ခဲ့ပြီး သူ့ရဲ့ရင်ဘတ်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ သူဟာ အရင်က အဲဒီဘုရားကျေင်းမှာ ဝတ်ပြုခဲ့သူတဦး ဖြစ်တယ်လို့လည်း ဘုရားကျောင်းအသင်းဝင်တွေက ပြောပါတယ်။ အခုလို ပစ်ခတ်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် အကြောင်းရင်း ဖြစ်စေနိုင်တဲ့ သက်သေအထောက်အထား တွေ့ထားတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
4 years Ago
Up