အမေရိကန်ရဲ့ ဆန်ရှင်ဖြေလျော့မှုနဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှု - အယ်ဒီတာစကားဝိုင်း

September 28, 2016

အမေရိကန်ရဲ့ ဆန်ရှင်ဖြေလျော့မှုနဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှု - အယ်ဒီတာစကားဝိုင်း

ဦးတိုးဇော်လတ် (ဒီဗွီဘီ) "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်၊ အမေရိကန်ခရီးစဉ်တွေ အပြီးမှာဆိုရင် အခု ကျနော်တို့ မြန်မာပြည်ရဲ့ အမေရိကန်သံအမတ်ကြီး မစ္စတာစကော့မာစီယာကတော့ မြန်မာပြည်မှာရှိတဲ့ အရင်တုန်းက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ လုပ်ငန်းရှင် ၁၀၄ ယောက်ကို ဖြေလျှော့ပေးမယ်။ ဒီဟာရဲ့ သက်ရောက်မှုက နိုဝင်ဘာမှာ ဖြစ်မယ်ဆိုပြီးတော့ ကြေညာခဲ့ပါတယ်။ အဲဒီတော့ အရင်တုန်းကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဆက်စပ်ပြီးတော့ အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။ ဒီဟာတွေကတော့ ကျနော်တို့ ရှစ်လေးလုံး အရေးတော်ပုံ၊ ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် ဒီပဲယင်းကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုကိစ္စရယ်၊ ရွှေဝါရောင်တော်လှန်ရေး ၂၀၀၇ တွေတုန်းက ချမှတ်ခဲ့တာတွေပါ။ ဒီဟာတွေကို ဖြေလျှော့ပေးရင် နောက်ဆက်တွဲ ဒီလူတွေကို ဘယ်သူတွေက တာဝန်တွေယူ ဖြေရှင်းမှာလဲ။ အထူးသဖြင့်တော့ ဒီချုပ် ဦးဆောင်တဲ့ အစိုးရဆီ ပြန်တာဝန်ကျလာပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ မေးမှာပါ။ ကျနော်တို့ ပထမဆုံး ဒေါက်တာရန်မျိုးသိမ်းကို မေးချင်ပါတယ်။ ခုတော့ အမေရိကန်နိုင်ငံရဲ့ SDN တို့၊ Jade တို့ရဲ့ ဖြေလျှော့မှုတွေ လုပ်မယ်။ အဲဒါရဲ့ သက်ရောက်မှုကတော့ မြန်မာပြည်မှာ အရင်တုန်းက ခရိုနီတော်တော်များများက ဒီ Sanction တွေက လွတ်သွားမယ်ပေါ့နော်။ အဲဒီတော့ တချို့ကလည်း စိုးရိမ်ကြတယ်။ သူတို့တွေက သူတို့ပိုင်ဆိုင်တဲ့ အရင်းအနှီးကိုယူပြီး မြန်မာပြည်က ထွက်သွားမလားပေါ့။ ဒါမှမဟုတ်ဘဲ သူတို့တွေကိုပဲ မြန်မာပြည်မှာရှိတဲ့ ဈေးကွက်ထဲကိုပဲ ပြန်လုပ်ခိုင်းမလားပေါ့။ နောက်တခုက အရေးကြီးဆုံးက သူတို့တွေကို နည်းမှန်လမ်းမှန် ဘယ်သူက ထိန်းသိမ်းမလဲဆိုတဲ့ အဖြေပေါ်လာပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဒေါက်တာရန်မျိုးသိမ်းရဲ့ အမြင်ကို ပထမဆုံး သိပါရစေခင်ဗျ။" ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) “ကျနော့်ရဲ့အမြင်ကတော့ ပထမဆုံး ကျနော် နည်းနည်းလေး ဆွေးနွေးချင်တာက အမေရိကန်ပြည်ထောင်စုကနေ ဒီ Sanction ပေါ့လေ။ Sanction ကို ရုပ်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့တဲ့ အနေအထားကို ကျနော့်အမြင်အားဖြင့် နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဆုံးဖြတ်ချက်နဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ကွာဟနေတာကို တွေ့ရပါတယ်။ ဘာလို့ ကျနော် အဲလို ပြောလဲဆိုတော့ စက်တင်ဘာ ၁၅ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ပြီးတော့ ဒီ Sanction ရုပ်ဖို့ကိစ္စကို ပြောတယ်။ အဲဒီမတိုင်ခင် သြဂုတ်လ ၁၅ ရက်နေ့မှာ ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အဆိုတင်ပြီးတော့ တပ်မတော်ရော ပြည်ခိုင်ဖြိုးပါတီရောက ထောက်ခံတဲ့ Sanction ကို ရုပ်သိမ်းဖို့ တွန်းအားပေးတဲ့အဆိုက ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီတော့ ဆိုလိုချင်တဲ့သဘောက လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဆောင်ရွက်ချက်နဲ့က နည်းနည်းဝိ၀ါဒ ကွဲပြားနေတာကို တွေ့ရပါတယ်။ အဲဒါကတော့ ကျနော့်အမြင်အားဖြင့် နိုင်ငံရေးအရပေါ့လေ၊ လွဲချော်မှုတခုလို့ မြင်ပါတယ်။ အဲဒီတော့ အခု Sanction ရုပ်ပြီးနောက်ပိုင်းမှာ ကျနော့်အမြင်အားဖြင့် အဓိကအရေးကြီးတာက ကျနော်တို့တိုင်းပြည်မှာရှိနေတဲ့ ခရိုနီတွေ၊ နောက်ပြီးတော့ စစ်တပ်နဲ့ အရမ်းနီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အဲဒါတွေကို ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးအပြောင်းအလဲမှာ ဘယ်လိုထိန်းကျောင်းမလဲဆိုတာက အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီတော့ လက်ရှိအစိုးရအနေနဲ့၊ နောက် ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဒီခရိုနီတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ကျနော်တို့တိုင်းပြည်ရဲ့ စီးပွားရေးဘ၀ထဲမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့၊ ကျင့်ဝတ်နဲ့ညီတဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်လာအောင် ကျနော်တို့က ဘယ်လို ဆောင်ရွက်မလဲဆိုတာက အရေးကြီးတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ဆရာအေးမောင်ကျော်လည်း မေးတာတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး အကူးအပြောင်းမှာ အမေရိကန်နိုင်ငံပေါ့နော်။ အထူးသဖြင့် အမေရိကန်၊ အင်္ဂလန်၊ အနောက်နိုင်ငံတွေက ကျနော်တို့ စီးပွားရေးအရပါ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်။ နိုင်ငံရေးအရလည်း ထောက်ခံလာမယ်။ ဆက်ဆံရေး ပိုတိုးမြှင့်မယ်။ အဲဒီတော့ တကယ်ရော မြန်မာပြည်ဟာ အဆင်သင့်ဖြစ်ပြီလား။ အဲဒီလိုပဲ အမေရိကန်ရဲ့ ကျနော်တို့ FDI ပေါ့၊ Foreign Direct Investment၊ တကယ် ရင်းနှီးမြှုပ်နှံမှု လိုချင်ရင် သူတို့မှာ လိုက်နာရတဲ့ စည်းကမ်းလေးတွေ ရှိပါတယ်။ ကျနော်တို့ မြန်မာပြည်အနေနဲ့ အဆင်သင့်ဖြစ်ပြီလား။ အဲဒါလေး နည်းနည်းဖြည့်စွက်ပြီးတော့ ပြောပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အမေရိကန်နဲ့ ဆက်ဆံရေးမှာ ကျနော်တို့ ပြန်ကြည့်ရင်တော့ သမိုင်းတလျှောက်မှာတော့ ဒီစစ်အစိုးရတက်လာတဲ့ နောက်ပိုင်းပေါ့နော်။ ၉၀ ခုနှစ် နောက်ပိုင်းမှာ ကုန်သွယ်ရေး တချို့ကတော့ ရှိနေတယ်။ ပိုဆိုးသွားတာ ၂၀၀၃ ပေါ့နော်။ ဒီပဲယင်းအရေးအခင်း ဖြစ်ပြီးနောက်မှာ ၂၀၀၄ လောက်ကနေ ၂၀၁၂ လောက်ကြားမှာ လုံးဝပြတ်သွားတာ။ လုံးဝ ပိတ်ဆို့ခံရတဲ့ သဘောပေါ့နော်။ နောက် ၂၀၁၂ နောက်ပိုင်းမှာ ပြန်ပြီးတော့ နည်းနည်းလေး ရှိလာတယ်။ ဒါပေမယ့် အဲဒီမှာလည်း အစောပိုင်းက ကုန်သွယ်မှုမှာဆိုရင် မြန်မာပြည်ကတောင်မှ ပို့ကုန်ပိုများတယ်။ အခု ၂၀၁၅-၂၀၁၆ ဆို တန်းတူတော့ ဖြစ်လာတယ်။ ဆိုလိုတာက ကိုယ့်ဘက်က ပို့ကုန်တွေက ကျနေတယ်ပေါ့နော်။ တကယ်တမ်းကျတော့ ကမ္ဘာပေါ်မှာတော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ်ပေါ့နော်။ အမေရိကန်နဲ့ ကုန်သွယ်မှပဲ ကျနော်တို့က အဆင်ပြေတာပဲ။ ကုန်သွယ်မှပဲ ချမ်းသာတဲ့သဘော။ တရုတ်လည်း ဒီလိုပဲပေါ့နော်။ အမေရိကန်နဲ့ ကုန်သွယ်ရင်းကနေ ကြီးပွားသွားတာပဲ။ ဒါကတော့ ကျနော်တို့အတွက် အခွင့်အရေးကောင်း တခုပေါ့နော်။ GSP ရတယ်ဆိုတာ။ အထူးကုန်သွယ်ခွင့်ကို ဖြေလျှော့ပြီးတော့ ရတဲ့သဘောပေါ့။ ဒီမှာ ကျနော်တို့က တကယ်တမ်းကျတော့ ကုန်သွယ်ခွင့်တော့ ရပါပြီ။ ကျနော်တို့က ဘာတွေပို့မှာလဲပေါ့။ ကိုယ်က ဘာတွေထုတ်လုပ်နိုင်သလဲပေါ့။ ကိုယ့်ဘက်က အားသာချက်က ဘာရှိလဲ။ ဒါက အရေးကြီးတာပေါ့။ အဲဒီတော့ ကျနော်တို့ ပြောမယ်ဆိုရင် ကျနော်တို့ စီးပွားရေးက တော်တော်ကြီးကို ပျက်စီးယိုယွင်းပြီးတော့ ချွတ်ခြုံကျနေတဲ့ အခြေအနေ ဖြစ်တယ်။ အခုက ပြောရင် ခရိုနီတသိုက်မှာပဲ ရှိနေတယ်။ ဒီခရိုနီတသိုက်ကလည်း သူတို့က ကျားကုတ်ကျားခဲနဲ့ ကိုယ်ထူကိုယ်ထ ကြိုးစားပြီးတော့ ဖြစ်လာတဲ့ စီးပွားရေးမျိုး မဟုတ်ဘူးဗျ။ သူတို့က ဒီလို အချောင်ရလာတဲ့ စီးပွားရေးတွေ။ အခွင့်ထူးခံအနေနဲ့ ရလာတာတွေ။ မတရားရတဲ့၊ ဒါမျိုးတွေ များတာကိုး။ ဆိုတဲ့အခါ အဲဒီလူတွေမှာလည်း ထိရောက်တဲ့ စီးပွားရေး Business လုပ်ငန်းတခုရဲ့ အတွေ့အကြုံ သိပ်မရှိဘူး။ နောက်တခုက ဘဏ်တွေကိုလည်း သူတို့ အကုန်လုံးကိုင်ထားတယ်။ မြေတွေလည်း သူတို့လက်ထဲမှာ အတော်များများရှိတယ်။ ဆိုတဲ့အခါကျတော့ အောက်ခြေမှာ တကယ်တမ်း လုပ်မယ့်ကိုင်မယ့် SME အဆင့်ပေါ့နော်။ လူတွေရဲ့လက်ထဲကို ဒီဟာတွေ ရောက်ဖို့လိုတယ်။ အဲဒီတော့ ဒါတွေမှာ အကန့်အသတ်တွေ အများကြီး ရှိတယ်ပေါ့နော်။ နောက် အရေးကြီးဆုံးကတော့ ဒီလျှပ်စစ်တို့၊ လမ်းပန်းဆက်သွယ်ရေးတို့၊ Infrastructure ပေါ့။ ဒါတွေလည်း ကျနော်တို့မှာ မရှိဘူးပေါ့နော်။ နောက် Corruption။ ကျနော်တို့အဖွဲ့အစည်းက Corruption က အရမ်းဖြစ်နေတဲ့အခါကျတော့ ဒီလိုပုံစံကြီးနဲ့ သွားပြီးတော့ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်မယ်ဆိုရင် ဟိုက လက်ခံမှာမဟုတ်ဘူး။ နောက် Banking System ဆိုရင် ကျနော်တို့က Money Laundering တွေ ဘယ်သူလုပ်နေလဲဆိုတာ ဘယ်သူမှ ကျနော်တို့ မစစ်ဆေးနိုင်ဘူးပေါ့နော်။ ဒါမျိုးတွေလည်းရှိတယ်။ နောက် ငွေလဲနှုန်းတွေ၊ ငွေတွေကို ဘယ်လို ပြန်လွှဲမလဲ။ ဘယ်လိုဝင်လာမလဲ။ ဒီလိုကိစ္စတွေကအစ ကျနော်တို့မှာ အများကြီးပေါ့နော်။ ပြင်ဆင်စရာတွေက အများကြီးရှိတယ်လို့ ကျနော်ထင်တယ်ဗျ။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့။ ကိုအေးမောင်ကျော်ကတော့ တကယ်တမ်း အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှု လိုချင်ရင်တော့ သူတို့ စည်းနဲ့ကမ်းနဲ့ နည်းမှန်လမ်းမှန် ပြင်ဆင်ပေးရတယ်၊ ဖွင့်ပေးရတယ်။ နောက်တခုကလည်း CSR လို့ ခေါ်တဲ့ Corporate Social Responsibility ကော်ပိုရေးရှင်းတွေရဲ့ လူမှုရေးတာဝန် သိတတ်မှုတွေ။ အဲဒါတွေတော့ သူတို့က တောင်းဆိုမှာပဲလေ။ အစောတုန်းက Banking ကိစ္စဆိုရင်လည်း ပြောသွားပါတယ်။ ဒေါက်တာရန်မျိုးသိမ်းလည်း အဲဒါပဲ ထပ်မေးပါမယ်။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ပြန်လာမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်လာတယ်။ ဟိုကလည်း လိုအပ်ချက်တွေ တောင်းလာမယ်။ အဲဒီတော့ မြန်မာပြည်မှာ ရှိနေတာကလည်း ခရိုနီ Capitalist ပဲရှိတယ်။ အဲဒီတော့ ဒီလူတွေပဲ ပြန်လုပ်ကြဦးမှာပဲ။ အဲဒီအတွက် ဘယ်သူတွေ တာဝန်ရှိမှာလဲ။ ဘယ်လိုလုပ်ဖို့ လိုအပ်တယ်ဆိုတာ ဒေါက်တာရန်မျိုးသိမ်း ဖြည့်စွက်ပြီးတော့ ပြောပေးပါဦးခင်ဗျ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ကျနော့်အမြင်ကတော့ တခုပေါ့လေ။ အစောက ဆရာအေးမောင်ကျော်လည်း ဆွေးနွေးသွားတာမှာ ပါတယ်။ ကျနော်တို့ ဒီ ဘဏ်လုပ်ငန်းမှာ၊ Banking Sector မှာ ကျနော်မြင်တာက အခု ပုဂ္ဂလိကဘဏ်အများစုဟာ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေပိုင်တဲ့ ဘဏ်တွေ ဖြစ်နေတယ်။ ကျနော် နားလည်သလောက်တော့ ဒီအရင်းရှင်စီးပွားရေးစနစ်ပေါ့ဗျာ။ ဈေးကွက်စီးပွားရေးစနစ်မှာ ဘဏ်လုပ်ငန်းကို လုပ်တဲ့လူတွေဟာ အခြားစီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပြီးတော့ လုပ်ကိုင်ဖို့ အကြောင်းမရှိဘူးလို့ မြင်တယ်။ ဆိုလိုချင်တဲ့သဘောက အခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ Banker တွေနဲ့က သီးခြားစီ ဖြစ်နေရမယ်။ အခုက ကျနော်တို့နိုင်ငံမှာ ဒီခရိုနီတွေကပဲ ဘဏ်လုပ်ငန်းကို လုပ်တယ်။ ဒီခရိုနီတွေကပဲ အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်တယ်။ ဘယ်လိုစီးပွားရေးလုပ်ငန်းအသစ် ပေါ်လာပေါ်လာ ခရိုနီတွေက အကုန်ဝင်လုပ်တယ်။ အဲဒီအခါကျတော့ အဲဒီမှာ ကျနော်တို့ ခုနပြောသလို ဒီစီးပွားရေးဟာ ဒီလက်တဆုပ်စာ ခရိုနီတွေထဲမှာပဲ ကြီးထွားနေတာကို တွေ့ရတယ်။ တဘက်က ပြန်ကြည့်လိုက်ရင် ကျနော်တို့ ပြည်သူလူထုအများစုကြီးကတော့ ဆင်းရဲနေတာပဲ။ ဥပမာ- လုပ်ခလစာဆိုရင် ကျနော်တို့ဆီမှာ လုပ်ခလစာ တနေ့ကို ၃၆၀၀ ရဖို့ကို မနည်းပြောနေရတဲ့ အနေအထားမျိုးရှိတယ်။ အောက်ခြေပြည်သူလူထုကို ကြည့်ရင်လည်း တကယ်ပဲ ကုန်ဈေးနှုန်းရဲ့ဒဏ်၊ နေထိုင်စားသောက်မှုစရိတ် မြင့်မားတဲ့ဒဏ်။ ဒီဒဏ်တွေကို အကြီးအကျယ် ခံနေရတယ်။ အဲဒီအခါကျတော့ ကျနော့်ရဲ့သဘောကတော့ ကျနော်တို့ဟာ စနစ်တကျ ပြင်ဆင်ပြီးတော့မှ ဒီ Sanction ဖြေလျှော့မှုကို လုပ်နိုင်ရင် ပိုပြီး ကျနော်တို့တိုင်းပြည်နဲ့ ကျနော်တို့ ပြည်သူလူထုအတွက် အကျိုးရှိမယ်လို့ ကျနော်မြင်တယ်။ ကျနော့်ရဲ့အမြင်မှာတော့ Sanction ဖြေလျော့မှုဆိုတာ Process လို့ ကျနော်မြင်တယ်။ အဲဒီတော့ Process မှာ ကျနော်တို့ဟာ အချိန်ယူနိုင်သလောက် ယူပြီးတော့ တဘက်က ကျနော်တို့လိုအပ်တဲ့ ဥပဒေပြင်ဆင်မှုတွေ၊ အင်စတီကျူးရှင်နယ် အဖွဲ့အစည်း ပြင်ဆင်မှုတွေ၊ နောက်ပြီးတော့ Infrastructure ပြင်ဆင်မှုတွေ၊ ဒါတွေကို တပြိုင်တည်း ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ကျနော် မြင်တယ်။ နောက်ပြီးတော့ ကျနော်တို့ဟာ ဒီ Sanction လွှတ်ပေးလိုက်လို့ ကျနော်တို့တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ စပြီးကောင်းပြီလို့ မျှော်လင့်လို့မရဘူးလို့ ကျနော်ကတော့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ဒေသတွင်းမှာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေတယ်။ နောက်ပြီးတော့ ကျနော်တို့ဟာ ဒေသတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီးတော့ ယူရမယ့်အနေအထား ရှိတယ်။ အဲဒီအခါကျတော့ အဲဒီအချက်တွေကိုလည်း ထည့်စဉ်းစားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့။ ဒေါက်တာရန်မျိုးသိမ်းကတော့ အထူးသဖြင့်တော့ Banking Sector ပေါ့နော်။ ကျနော်တို့ ရွေးကောက်ပွဲမတိုင်ခင်တုန်းကလည်း ဗဟိုဘဏ်ကို လွတ်လပ်တဲ့အဖွဲ့အစည်းအနေနဲ့ ထားပေးမယ်လို့ အန်အယ်လ်ဒီ ရွေးကောက်ပွဲ မဲဆွယ်မှုထဲမှာ ထည့်ခဲ့ပါတယ်။ အခုထက်ထိတော့ မပေါ်သေးဘူးပေါ့ဗျာ။ အဲဒီလိုပဲ၊ ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကလည်း ၁၂ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒေသတွင်းမှာ တော်တော်များတယ်ပေါ့။ Banking Centre Reform ကတော့ မရှိသေးဘူး။ နိုင်ငံခြားအကူအညီတွေက လာရင်တော့ မေးမှာပဲပေါ့။ အဲလိုပဲ ကိုအေးမောင်ကျော် ပြောသွားတဲ့ List တွေထဲမှာ အများကြီး ရှိပါတယ်။ အထူးသဖြင့်တော့ FDI Law ကို ပြနှ်ဆွဲမယ်လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ကုန်သည်ကြီးများကို တွေ့တဲ့အခါမှာလည်း မြန်မာပြည်သူလူထုတွေ အလုပ်အကိုင်ရနိုင်တဲ့ အခွင့်အလမ်းရှိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ပေးပါလို့ ပြောပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆရာအေးမောင်ကျော်အနေနဲ့ တကယ့် အခြေခံပြည်သူတွေ အကျိုးရှိနိုင်တဲ့ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေ ဖွင့်သင့်လဲ။ ဘယ်လိုဟာတွေကို ဖိတ်ခေါ်သင့်လဲ၊ ဘယ်လို ပြင်ဆင်ထားသင့်လဲဆိုတာ ဖြည့်စွက်ပြောပေးပါဦး ခင်ဗျ။” ဦးအေးမောင်ကျော် (နိုင်ငံရေး ဆောင်းပါးရှင်) “အဲဒါကတော့ ခုနက ပြောသလိုပေါ့နော်။ ကျနော်တို့က ဒီတိုင်းပြည်မှာက ဖွင့်လိုက်တဲ့အခါမှာ လူတွေအားလုံးက စိုးရိမ်သွားကြတယ်ဗျ။ ဘာလို့လဲဆိုတော့ ဒီအခွင့်အလမ်းတွေ အားလုံးကို ခရိုနီတွေပဲ ရသွားမလားပေါ့နော်။ အဲလို စိုးရိမ်စိတ်တွေက အားလုံးပေါ်လာတယ်။ အဲဒီတော့ သူတို့ အခု စပြီးတော့ ၀င်လာတဲ့အထဲမှာတော့ အမေရိကန်သမ္မတရဲ့အထူးအစီအစဉ်နဲ့ တူတယ်။ ဒေါ်လာ ၁၀ သန်း ချေးငှားပြီးတော့ ချေးငွေအဖွဲ့ အဖွဲ့အစည်း ၅ ခုကို သူတို့ ချပေးမယ်။ တကယ့် SME အသေးစားတွေအတွက်ပေါ့နော်။ ကျနော်ကတော့ အဲလို ၀င်လာတာကို သဘောကျတယ်။ ဘာလို့ဆိုတော့ ကျနော်တို့ရဲ့ ဒီမှတ်ပုံတင်ထားတာတွေရော၊ မတင်ထားတာတွေရော ကုမ္ပဏီအဖွဲ့အစည်းတွေ အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းအထက်က ချေးငွေ ဘယ်သူမှမရဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လည်နေကြတာပေါ့လေ။ အဲဒီတော့ လုပ်ငန်းတွေက ဖြစ်သင့်သလောက် မဖြစ်ဘူးပေါ့နော်။ အဲဒါကြောင့် အခု ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်က ဘာတွေလုပ်နေသလဲ၊ ဘာတွေထုတ်လုပ်နေတာလဲပေါ့နော်။ ဒီလယ်ယာစိုက်ပျိုးရေးကလွဲရင် ကျနော်ထင်တယ်၊ ကျန်တာ ဘာမှမရှိသလောက်ပဲ။ နောက် ကြော်ငြာတွေကို တီဗွီမှာ ကြည့်လိုက်ရင် ကျနော်တို့ ဘာတွေတွေ့မလဲ။ ဆပ်ပြာမှုန့်တို့၊ ခေါင်းလျှော်ရည်တို့၊ ကော်ဖီမစ်တို့၊ အမျိုးသမီးသုံးပစ္စည်းတို့ စသဖြင့်ပေါ့နော်။ ဒါတွေပဲရှိတယ် ကြော်ငြာက။ အဲဒါတွေကလည်း ကျနော်တို့ ဒီမှာလုပ်တာ မဟုတ်ဘူး။ အဲဒါတွေကိုက အပြင်ကလာတာ။ ဆပ်ပြာဆိုရင် ချက်ပြီးသား ကန်ကြီးတွေနဲ့ သယ်လာတယ်။ ဒီမှာ အတုံးပဲ ရိုက်တယ်။ ကော်ဖီမစ်ဆို ကော်ဖီမှုန့်တွေ၊ နို့မှုန့်တွေက စည်တွေနဲ့ လာတယ်။ ဒီမှာ သူတို့က အိတ်သွတ်တာပဲ။ သကြားလောက်ပဲ ထည့်လိုက်တယ်။ ဆိုတော့ တကယ့် ဆူလွယ်နပ်လွယ် စီးပွားရေးထဲမှာ ကျနော်တို့က အရမ်းကို အထိုင်ကျနေတဲ့လူတွေ ဖြစ်နေတယ်။ ခရိုနီတွေရော ကျန်တဲ့သူတွေပါ အဲလိုပါသွားတာ တဖြည်းဖြည်း။ ဆိုတဲ့အခါကျတော့ အဲဒီလို ချေးငွေနဲ့ပေါ့နော်။ အသေးစားလုပ်ငန်းတွေကို ကျနော်တို့ မတည်ပေးမယ်။ နောက်တခုက ကျနော် အကောင်းမြင်တဲ့ တခုရှိတာက ဘာလဲဆိုတော့ အခုနလိုပေါ့နော်။ ဒီလို အခွင့်အလမ်းကြီး ရလာတဲ့အခါမှာ ခရိုနီတချို့လည်း ရသွားမှာပေါ့နော်။ ဒါပေမယ့်လို့ ကျနော်တို့ လူငယ်တွေထဲမှာ နောက်ဆုံးပေါ် ကမ္ဘာပေါ်မှာ လုပ်နေတဲ့ စီးပွားရေးလုပ်ပုံလုပ်နည်းတွေပေါ့နော်။ တက္ကနစ်တွေ၊ နည်းပညာတွေပေါ့နော်၊ ရသွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ ကမ္ဘာမှာလည်း ကျနော်တို့က အရမ်းပြတ်ကျန်ခဲ့တာကိုး။ အမေရိကန်ကုမ္ပဏီတချို့နဲ့ ကျနော်တို့ ထိတွေ့ဆက်ဆံမယ်။ သူတို့ဆီက အရင်းအနှီးရမယ်။ နောက်တခုက ဒီလို နည်းပညာသင်တန်းတွေ ဘာတွေ ရမယ်ဆိုရင် ကျနော်တို့ လူငယ်တွေမှာပေါ့နော်။ ပိုပြီးတော့ အခွင့်အလမ်းတွေ ပွင့်လာလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒါက ပိုအရေးကြီးလိမ့်မယ် ထင်တယ်။ အဲဒီတော့ ကိုရန်မျိုးသိမ်း ပြောသလို ချက်ချင်းလက်ငင်းကြီး ဖြစ်မှာမဟုတ်ဘူး။ အဲဒါတွေ ၅ နှစ်၊ ၁၀ နှစ် ကြာတဲ့အခါကျမှ ကျနော်တို့ လူငယ်တွေကနေ၊ လုပ်ငန်းရှင်ငယ်တွေကနေပြီး ကြီးထွားလာတဲ့အချိန်မှာ ဒီလို ဖြစ်သွားမယ်။ အဲဒီတော့ ကျနော်တို့က အပြိုင်အဆိုင်ကို အစိုးရဘက်က ဘာလုပ်ပေးရမှာလဲဆိုတော့ အခွင့်အလမ်းတွေကို ကိုယ့်လူတွေကို ပေးပါ။ သဘောကတော့နော်။ ရှင်းရှင်းလေးပဲ။ ခေတ်အဆက်ဆက် ပေါင်းပြီးတော့ စားလာတဲ့လူတွေကို မပေးပါနဲ့။ ရှင်းရှင်းလေးပဲ။ လူငယ်တွေထဲမှာ ဘယ်သူတွေ ထက်မြက်နေသေးလဲ။ ဒါကတော့ သိဖို့လိုတယ်လေ။ ဘယ်သူက လွတ်လွတ်ကင်းကင်း ကြီးပွားချမ်းသာလာတာလဲ။ အဲလိုလူတွေကို ရွေးပြီးတော့ ပေးပါ။ တကယ်တမ်း လုပ်နိုင်တဲ့သူက ဘယ်သူလဲ။ ကိုယ့်ပြည်တွင်းအင်အားနဲ့ စစ်စစ်လုပ်မယ့်သူက ဘယ်သူလဲ။ ဒီလို ဒီလိုပေါ့နော်။ ရွေးဖို့လိုတယ်လို့ ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ အခုတော့ ကျနော်တို့ စီးပွားရေးအရ အမေရိကန်နဲ့ ကုန်သွယ်ရင် ကျွဲကူးရေပါ နည်းပညာပိုင်းက ရစရာရှိတယ်ပေါ့။ ကျနော်တို့ နောက်တခုကတော့ စစ်ရေးအရ ဆက်ဆံမှုပေါ့နော်။ အခုရက်ပိုင်းအတွင်း ရေတပ်ဗိုလ်ချုပ် သွားဖို့ရှိတယ်။ အဲလိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမား တွေ့တဲ့အခါမှာ Agenda ၅ ခုထဲမှာ အတိုင်းအတာတခုရှိတဲ့ စစ်တပ်ဆက်ဆံရေးတခုကို ပြန်လည်ထူထောင်မယ်လို့ ပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ ဒေါက်တာရန်မျိုးသိမ်းအနေနဲ့ အခု အမေရိကန်ရဲ့ အဖွင့်မှာ ကျနော်တို့ စစ်ဘက်ဆက်ဆံရေးပေါ့နော်။ Military Engagement ဘာဖြစ်လာနိုင်လဲဆိုတာ နောက်ဆုံး ဖြည့်စွက် ပြောပေးပါဦး။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “ကျနော်ကတော့ ခုနက ကိုတိုးဇော်လတ် ပြောသလိုပဲ ကျနော်တို့ဆီိက ဒီ လေတပ်ဦးစီးချုပ်ပေါ့။ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အခု အမေရိကကို သွားပြီ။ သွားပြီးတော့ အမေရိကမှာ သူက ကျနော်တို့ ကွန်ဖရင့် သွားတက်တယ်ပေါ့။ အဲဒီတော့ ဆိုလိုချင်တဲ့သဘောက Sanction ရုပ်မယ်လို့ ပြောပြီးသွားတဲ့ ပထမဆုံး အဆင့်မြင့်ဆုံး စစ်တပ်အရာရှိကြီးလို့ ပြောလို့ရတယ်။ အဲဒီတော့ ကျနော့်အမြင်က Sanction နဲ့ တပြိုင်နက်တည်းမှာပေါ့။ ဒါ အမေရိကန်အနေနဲ့လည်းပဲ မြန်မာနိုင်ငံရဲ့ စစ်တပ်နဲ့ တပ်မတော်ချင်း ဆက်ဆံရေးကို တိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ မြင်တယ်။ တဘက်က ဒီကိစ္စကလည်းပဲ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးအရရော၊ နိုင်ငံရေးအရရော၊ စစ်ရေးအရရော လွှမ်းမိုးမှုနဲ့လည်း တိုက်ရိုက်ဆက်စပ်နေနိုင်တယ်လို့ ကျနော်က သုံးသပ်တယ်။ ဒါပေမယ့် အဲလို တပ်မတော်ချင်း ဆက်ဆံရေးကို မြှင့်တင်တဲ့နေရာမှာ ကျနော့်အမြင်အားဖြင့်တော့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ပေါ့လေ။ ဥပမာ- တပ်မတော် ပြုပြင်ပြောင်းလဲရေးအပိုင်း၊ တပ်မတော်ကို တကယ့် ပရော်ဖက်ရှင်နယ် တပ်မတော်တခု ဖြစ်လာအောင် ပြုပြင်ပြောင်းလဲတဲ့အပိုင်း။ ဒီအပိုင်းကို ဦးစားပေးဖို့လိုတယ်လို့ မြင်တယ်။ ဒါပေမယ့် အဲဒီကိစ္စအပေါ်မှာ ကျနော်ကတော့ မျှော်လင့်ချက် သိပ်မြင့်မြင့်မားမား မထားဖို့တော့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအစီအစဉ်ဟာ ၁၉၈၁ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ကျနော်တို့နိုင်ငံမှာ လုပ်ခဲ့တယ်။ တပ်မတော်အရာရှိကြီး ၁၈၀ လောက်ဟာ အဲဒီကာလအတွင်းမှာ အမေရိကန်မှာ စစ်သင်တန်းတွေ သွားတက်ခဲ့တယ်။ အဲဒီ ရည်ရွယ်ချက်ကလည်းပဲ တပ်မတော်ကို တကယ် ပရော်ဖက်ရှင်နယ် Army တခုဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ။ ဒါပေမယ့် ၁၉၈၈ လည်းရောက်ရော ကျနော်တို့တိုင်းပြည်မှာ ဘာကြုံရလဲဆိုတော့ စစ်တပ်က အာဏာသိမ်းတာနဲ့ ကြုံရတယ်။ အဲဒီအခါကျတော့ အမေရိကန်ဘက်ကလည်း ဒီကိစ္စကို ချင့်ချင့်ချိန်ချိန်နဲ့စဉ်းစားပြီး လုပ်ဖို့ လိုအပ်တယ်လို့ ကျနော်မြင်တယ်။ ကျနော့်အမြင်ကတော့ ကျနော်တို့ဘက်ကလည်း ဒီကိစ္စအပေါ်မှာ သိပ်ပြီးတော့ မျှော်လင့်ချက်ထားလို့တော့ မရဘူးလို့ မြင်တယ်။” ဦးတိုးဇော်လတ်(ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျ။ ကိုအေးမောင်ကျော်လည်း ဒီဟာနဲ့ပဲ မေးချင်ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်နဲ့ စစ်ရေးအရ ပြန်လည်ဆက်ဆံမှုက ဒေသတွင်း တရုတ်အပေါ်မှာ မြန်မာစစ်တပ်ရဲ့ အရမ်းမှီခိုရမှုကို ပြန်ပြီးတော့ Balance ဖြစ်နိုင်လားဆိုတာ Comment လေးတခု ပေးပါဦးခင်ဗျ။” ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အဲဒါတော့ ကျနော်တို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ် ချဲ့ထွင်လာတဲ့အပေါ်ပေါ့နော်။ ဒါတွေဟာ အကုန်လုံး ထည့်တွက်ရမယ့်ကိစ္စတွေပေါ့။ နယ်စပ်မှာတော့ အဓိကကတော့ ကျနော်တို့နဲ့ လက်တွေ့ကျကျ ထိစပ်နေတာကတော့ တရုတ်ပေါ့ဗျာ။ တရုတ်က ယွင်စန်းဆိုတဲ့ အမျိုးသမီးတောင် ဒီမှာ ရောက်နေတယ်။ မနေ့က ကြားတယ်။ တရုတ်ရဲ့ Scholar တယောက်ပဲ။ သူ့ရဲ့အမြင်တွေအရဆိုရင် ဒါပေါ့နော်။ မြစ်ဆုံဆိုရင် တရုတ်မို့လို့ မပေးတာလား၊ တခြားဆိုရင် ပေးမှာလား။ ဒီလိုဟာမျိုးတွေထိ မေးတာရှိတယ်။ ဆိုတဲ့အခါကျတော့ ကျနော်တို့က တဘက်မှာ Real Politic ပဲ၊ တဘက်ကတော့ ကျနော်တို့က အမေရိကန်ဆိုတာ ဝေးတယ်။ သို့သော်ငြားလည်း သူ့ဆီက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ကျနော်တို့က စံနှုန်းအနေနဲ့ ယူပြီးတော့ လုပ်တာတော့ လုပ်ရမှာပဲ။ ဘယ်လိုပဲဖြစ်စေ ဒီနှစ်ခုကြားမှာ ဟန်ချက်ညီအောင် ဒေါ်အောင်ဆန်းစုကြည်သွားနေတဲ့ လမ်းကြောင်းကတော့ ကျနော်တို့ အများကြီး ရှေ့ပြေးတယ်လို့ ကျနော်ထင်တယ်ဗျ။ ကျနော်တို့ဉာဏ်နဲ့ တချို့ဟာတွေတော့ လိုက်မမီဘူးပေါ့။ သူ့မှာလည်း တချို့ဝှက်ဖဲတွေတော့ ရှိနိုင်တယ်ပေါ့နော်။ အဲဒီတော့ ဖဲတွေက တခုပြီးတခု သူ ခင်းနေတာတွေက ခုချိန်အထိတော့ အရမ်းကောင်းနေတယ်ပေါ့နော်။ ကျနော်ကတော့ ဒီလိုပဲပေါ့နော်။ အင်အားကြီးတွေကြားထဲမှာ နိုင်ငံငယ်တွေအဖို့ကတော့ ဟန်ချက်ညီအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်တဲ့ လမ်းကြောင်းလေးပဲ သွားနိုင်လိမ့်မယ် ထင်ပါတယ်။”
5 years Ago
Up