အမေရိကန်ရဲတပ်ဖွဲ့

July 18, 2019

အီတလီနှင့် အမေရိကန် ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ္စလီကျွန်း မာဖီးယားမိသားစုကို နှိမ်နင်း

အီတလီနဲ့ အမေရိကန် ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အီတလီနိုင်ငံ စစ္စလီကျွန်းက မာဖီးယား မိသားစုကို ဇူလိုင် ၁၇ ရက်က နှိမ်နင်းခဲ့ပါတယ်။ အဲဒီမိသားစုဟာ အမေရိကန်နိုင်ငံထဲကို နှစ်ချီထွက်ပြေး တိမ်းရှောင်နေခဲ့ပြီး သူတို့ရဲ့ သြဇာကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အရာရှိတွေ အပါအဝင် ရဲအယောက် ၂၀၀ ကျော်က စစ္စလီကျွန်းရဲ့ မြို့တော် ပါလာမိုမှာနေတဲ့ အင်ဇာရီလို မျိုးနွယ်နဲ့ နယူးယောက်မြို့အခြေစိုက် မဟာမိတ် ဂမ်ဘီနိုမိသားစုတို့ကို စုံစမ်းစစ်ဆေးရင်း စစ္စလီကျွန်းပေါ်က လူ ၁၈ ယောက်ကို ဖမ်းခဲ့ပါတယ်။ သံသယရှိသူတွေဟာ မမျှတတဲ့ ယှဉ်ပြိုင်မှု၊ လိမ်လည်မှု၊ ရန်လိုတိုက်ခိုက်မှု၊ မာဖီးယား ဂိုဏ်းဝင်ဖြစ်မှုတွေ အပါအဝင် စွဲချက်တွေကို ရင်ဆိုင်ရမယ်လို့ အီတာလျံရဲတွေက ပြောပါတယ်။ ၁၉ ယောက်မြောက် သံသယရှိသူကို အမေရိကန်နိုင်ငံထဲမှာ ဆက်ပြီး ရှာနေပါတယ်။ စစ္စလီကျွန်းက အုပ်စုဖွဲ့ ရာဇဝတ်မှု ကျူးလွန်တဲ့ ကိုဆာ နော့စ်ထရာလို့ လူသိများတဲ့ ဂိုဏ်းရဲ့ ခေါင်းဆောင် ထောင်ထဲမှာ သေဆုံးအပြီး ၂၀၁၇ တည်းက ဒီဂိုဏ်းဟာ အပြောင်းအလဲတွေ အဆက်မပြတ် ဖြစ်နေခဲ့တာပါ။ ဒီမိသားစုဟာ နယူးယောက်မြို့က သြဇာကြီးတဲ့ မဟာမိတ်တွေရဲ့ အကူအညီနဲ့ လုပ်ငန်းဟောင်းမှာ ပြန်ရပ်တည်ဖို့ ကြိုးစားခဲ့ပါတယ်။ မိသားစု နှစ်စုလုံးဆီက မှတ်ချက်တစုံတရာတော့ ချက်ချင်း မရသေးပါဘူး။ ဂမ်ဘီနော့စ်ဟာ နယူးယောက်အခြေစိုက် သမိုင်းဝင် အီတာလျံ - အမေရိကန် မာဖီးယားမိသားစု ငါးစုထဲက တစုပါ။ ဒီမိသားစုကို တရားမဝင် ဆေးဝါးဖြန့်ဖြူးမှု၊ အတိုးကြီးကြီး ငွေတိုးချေးမှု၊ လူသတ်မှု အပါအဝင် လုပ်ရပ်တွေအတွက် တရားစွဲဖူးပါတယ်။ ကိုစာနော့စ်ထရာဂိုဏ်းဟာ အရင်က စစ္စလီကျွန်းမှာ သြဇာကြီးမားပေမယ့် ခုတော့ ဂိုဏ်းခေါင်းဆောင် အများအပြား ထောင်ချခံထားရပြီး လုပ်ငန်းတွေ နှိမ်နင်းခံရတဲ့အပြင် ဒေသခံတွေကလည်း သူတို့ကို အာခံမှု တိုးလာနေပါတယ်။ လွှတ်တော်အမတ်တွေကတော့ ဒီအုပ်စုဟာ ပြန်တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ ထပ်ခါတလဲလဲ သတိပေးထားပါတယ်။
2 years Ago

November 6, 2017

တံတားပေါ်မှ ခုန်ချသူကို အမေရိကန်ရဲတပ်ဖွဲ့ ကယ်တင် (ရုပ်သံ)

တံတားပေါ်ကနေ ကားအသွားအလာများတဲ့ လမ်းမပေါ် ခုန်ချသတ်သေဖို့ ကြံစည်သူကို ရဲ ၄ ဦးက ကယ်တင်လိုက်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ် ကိုလံဘတ်စ်မြို့တော်မှာ အမျိုးသား ၂ ဦး ရန်ဖြစ်ထိုးကြိတ်နေကြတာကို တားမြစ်ဖို့ ရဲအရာရှိ ရိုင်ယန်အာနေးနဲ့ စကော့ရိုက်တို့ကို ဖုန်းခေါ်ဆိုခဲ့လို့ ရဲတွေက သွားရောက်ခဲ့ရပါတယ်။ ရဲတွေ အခင်းဖြစ်နေရာကို ရောက်ချိန်မှာ ရန်ဖြစ်တဲ့ အမျိုးသား ၂ ဦးထဲမှ ၁ ဦးက ထွက်ပြေးလို့ ရဲတွေ နောက်ကလိုက်နေတာကို ရုပ်သံထဲ မြင်ရပါတယ်။ ရဲတွေက ဒီလူကို မီသွားချိန်မှာ ကားအသွားအလာများတဲ့ လမ်းမထက်က ခုံးတံတားပေါ်ကနေ ခုန်ချပြီး သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တာပါ။ ခုံးကျော်တံတားနံရံက တဖက်မှာ ပေအနည်းငယ်ပဲမြင့်ပေမယ့် တခြားတဖက်မှာတော့ အောက်ဘက်က ကားလမ်းမပေါ် ပြုတ်ကျသွားနိုင်လောက်အောင် မတ်စောက်ပါတယ်။ သေကြောင်းကြံစည်သူက ခုံးတံတားပေါ်ကနေ ခုန်ချချိန် ရဲအရာရှိ အာနေးက သူ့ရဲ့လက်မောင်းကို ဖမ်းဆွဲပြီး အောက်ဘက်က ကားလမ်းမပေါ် မကျအောင် တားလိုက်နိုင်တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ လုပ်ဖော်ကိုင်ဘက် ရဲဝန်ထမ်း ရိုက်နဲ့ တခြား ရဲ ၂ ဦးတို့ မကြာခင် ထပ်ရောက်လာကြပြီး သေကြောင်းကြံစည်သူကို ခုံးတံတားနံရံပေါ်ကနေ ဆွဲတင်ပြီး အသက်ကယ်လိုက်ရပါတယ်။ သေကြောင်းကြံစည်သူဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အပါအဝင် အမှုတွေအတွက် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်လို့ အချုပ်ထဲ ပို့လိုက်တယ်လို့ သိရပါတယ်။ ကိုလံဘတ်စ်တိုင်းရဲဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရုပ်သံကိုတင်ပြီး ဌာန ပြောရေးဆိုခွင့်ရှိသူက “ကင်းလှည့်ရဲတွေဟာ နေ့တိုင်း လူရာပေါင်း၊ ထောင်ပေါင်းများစွာကို ကာကွယ်စောင့်ရှောက်ပေးနေသူတွေပါ” လို့ ပြောပါတယ်။ စက်တင်ဘာ ၃၀ ရက်က ကယ်တင်ခဲ့တဲ့ ရဲတွေရဲ့လုပ်ရပ်ကို လူမှုကွန်ရက်ပေါ်မှာ လူတွေက ချီးကျူးနေကြောင်း မေရာသတင်းမှာ နိုဝင်ဘာ ၃ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up