အမေရိကန်မင်းသမီး

April 25, 2018

လိင်ကုန်ကူးမှုဖြင့် တရားစွဲခံထားရသည့် အမေရိကန်မင်းသမီး အာမခံရ

လိင်ကုန်ကူးမှုနဲ့ တရားစွဲဆိုခံထားရတဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး အယ်လီဆင်မက်ခ်ဟာ ဧပြီ ၂၄ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ အာမခံရသွားပြီ ဖြစ်ပါတယ်။ အယ်လီဆင်မက်ခ်ဟာ ဆင့်ပွားဈေးကွက်ရှာအဖွဲ့ NXIVM မှာ ပါဝင်ပြီး အမျိုးသမီးတွေကို လိင်ကျွန်ပြုဖို့ စုဆောင်းနေတယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက စွပ်စွဲထားတာပါ။ နယူးယောက်မြို့တော် အစိုးရအရာရှိတွေကတော့ မက်ခ်ဟာ လိင်အမြတ်ထုတ်တယ်လို့ စွပ်စွဲခံထားရတဲ့ အဲဒီ ဆင့်ပွားဈေးကွက်ရှာအဖွဲ့မှာ အခရာကျတဲ့လူအဖြစ် ပါဝင်နေတယ်လို့ စွပ်စွဲပါတယ်။ မက်ခ်ကတော့ စွပ်စွဲထားတာတွေကို ငြင်းပါတယ်။ မက်ခ်ရဲ့မိဘတွေက မက်ခ်ကို သူတို့နဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်ဆာလာမီတိုမြို့အိမ်မှာ နေအိမ်အကျယ်ချုပ်နဲ့ ထားဖို့ သဘောတူလိုက်လို့ အခုလို အာမခံရသွားတာပါ။ အာမခံနဲ့ နေထိုင်နေချိန်အတွင်း မက်ခ်ဟာ ဆင့်ပွားဈေးကွက်ရှာအဖွဲ့ရော၊ အဖွဲ့ခေါင်းဆောင်နဲ့ရော၊ အဖွဲ့နဲ့ ဆက်နွှယ်နေသူတွေနဲ့ရော အဆက်အသွယ်လုပ်တာ တားမြစ်ခံထားရပါတယ်။ အဲဒီ ဆင့်ပွားဈေးကွက်ရှာအဖွဲ့ခေါင်းဆောင် ရန်နဲဟာလည်း လိင်အမြတ်ထုတ်မှု စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့လက အဖမ်းခံထားရပါတယ်။
4 years Ago
Up