အမေရိကန်ဗုံးကြဲလေယာဉ်

October 11, 2017

အမေရိကန်ဗုံးကြဲလေယာဉ်များ ကိုရီးယားကျွန်းဆွယ်အပေါ် ပျံသန်းပြီး လေ့ကျင့်ပစ်ခတ် (ရုပ်သံ)

ဗုံးကြဲလေယာဉ်တွေ ပျံသန်းရင် ပစ်ချမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ပြောခဲ့ပေမယ့် အမေရိကန် ဗုံးကြဲလေယာဉ်တွေ ကိုရီးယားကျွန်းဆွယ်ပေါ်ကို ထပ်မံပျံသန်းခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ဆူပါဆိုနစ် ဘီ-၁ဘီ ဗုံးကြဲလေယာဉ် ၂ စီး အပါအဝင် စစ်လေယာဉ် ၆ စီး အောက်တိုဘာ ၁၀ ရက်ညမှာ လေ့ကျင့်ပျံသန်းခဲ့တယ်လို့ ယွန်ဟက်ပ်သတင်းဌာနက ပြောပါတယ်။ ဂူအမ်ကျွန်းက ဗုံးကြဲလေယာဉ်တွေဟာ အက်ဖ်-၁၅ကေ တိုက်လေယာဉ် ၂ စီးနဲ့အတူ ဝေဟင်မှ မြေပြင်ကို စမ်းသပ် ပစ်ခတ်လေ့ကျင့်ခဲ့တယ်လို့ အမေရိကန် အကြီးတန်း ကာကွယ်ရေးအရာရှိက ပြောပါတယ်။ ဒီပျံသန်းမှုဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား တင်းမာမှုတွေထဲ မီးမောင်းထိုးပြတဲ့ နောက်ဆုံး အဖြစ်အပျက်ပါ။ ပြီးတဲ့လကလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာရီယွန်ဟိုက အမေရိကန်နိုင်ငံဟာ စစ်ကြေညာနေတယ်လို့ စွပ်စွဲခဲ့ပါသေးတယ်။ "အမေရိကန်က ကျနော်တို့နိုင်ငံကို အရင်ဆုံး စစ်ကြေညာတယ်ဆိုတာ တကမ္ဘာလုံးက ရှင်းရှင်းလင်းလင်း သိသင့်တယ်” လို့ နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂညီလာခံ တက်ရောက်စဉ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာရီက ပြောခဲ့ပါတယ်။ “အမေရိကန်နိုင်ငံက ကျနော်တို့နိုင်ငံအပေါ် စစ်ကြေညာခဲ့လို့ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ကျနော်တို့နိုင်ငံရဲ့ လေကြောင်းပိုင်နက်နား မရောက်ရင်တောင် အဲဒီဗုံးကြဲလေယာဉ်တွေကို ကျနော်တို့ ပစ်ချပိုင်ခွင့် အပါအဝင် တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အလမ်းရှိတယ်” လို့ မစ္စတာရီက ပြောခဲ့ပါသေးတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နောက်လ တောင်ကိုရီးယား အလည်အပတ် ခရီးစဉ်အတွင်း တောင်နဲ့ မြောက်ကိုရီးယားကို ခွဲခြားထားတဲ့ စစ်မဲ့ဇုန် (ဒီအမ်ဇက်) ကို လည်ပတ်ကောင်း လည်ပတ်မယ်လို့လည်း သိရပါတယ်။ စစ်မဲ့ဇုန်အတွင်းမှာ တည်ရှိတဲ့ ပန်မွန်ဂျုံရွာနဲ့ စောင့်ကြည့်အကဲခတ်ရေး နေရာတွေဟာ မစ္စတာထရမ့် အလည်အပတ်သွားဖို့ စဉ်းစားနေတဲ့ နေရာတွေထဲမှာ ပါတယ်လို့ ကာကွယ်ရေးဌာန သတင်းအရင်းအမြစ်က ယွန်ဟက်သတင်းဌာနကို ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ကတော့ ဘာမှတ်ချက်မှ မပေးဘူးလို့ သိရကြောင်း မေရာသတင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up