အမေရိကန်ပိုင်နက်အတွင်းသို့ ဒုံးကျည် ၄ ခုပစ်ရန် အဆင်သင့်ဖြစ်နေဟု မြောက်ကိုရီးယားဆို

August 10, 2017

အမေရိကန်ပိုင်နက်အတွင်းသို့ ဒုံးကျည် ၄ ခုပစ်ရန် အဆင်သင့်ဖြစ်နေဟု မြောက်ကိုရီးယားဆို

အမေရိကန် စစ်အခြေစိုက်စခန်း တည်ရှိရာ ပစိဖိတ်ဒေသမှ ဂူအမ်ကျွန်းဆီ အခုလအတွင်းမှာ ဒုံးကျည် ၄ ခုပစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြောက်ကိုရီးယားက ပြောလိုက်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံဘက်က စစ်ဖြစ်စေမယ့် စကားအသုံးအနှုန်းတွေ အလွန်အကျူး ပြောခဲ့ပြီးနောက်မှာ မြောက်ကိုရီးယားဘက်က တုံ့ပြန်ပြောလိုက်တာ ဖြစ်ပါတယ်။ ဒုံးကျည်ပစ်ခတ်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ခွင့်ပြုလိုက်တာနဲ့ အဆင့်မြင့်ထုတ်လုပ်ထားတဲ့ ဟွာဆောင်-၁၂ (Hwasong-12) အမျိုးအစား တာလတ်ပစ်ဒုံးကျည်တွေ ပစ်လွှတ်သွားမှာဖြစ်ပြီး ပင်လယ်မျက်နှာပြင်အထက် ၃၀ ကီလိုမီတာ (၁၇ မိုင်) အကွာထိ ဖြတ်သွားနိုင်တယ်လို့ နိုင်ငံပိုင် ကေစီအန်အေ သတင်းဌာနမှာ ဖော်ပြလိုက်တာပါ။ “ဒုံးကျည်တွေက ၁၀၆၅ စက္ကန့်မှာ ၃၃၅၆ ဒသမ ၇ ကီလိုမီတာအထိ သွားနိုင်မယ်၊ ဂူအမ်ကျွန်းရဲ့ ကီလိုမီတာ ၃၀၊ ၄၀ ဝေးတဲ့ ရေပြင်ပေါ်ကို ထိနိုင်လိမ့်မယ်” လို့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးတဦးရဲ့ အဆိုကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုလည်း အကြံဉာဏ်၊ မျှော်လင့်ချက်ကင်းမဲ့ပြီး အမြော်အမြင်မရှိသူတဦးလို့ ဖော်ပြထားတာပါ။ အမေရိကန်ရဲ့ အရေးယူလုပ်ဆောင်မှုတွေဟာ “မြောက်ကိုရီးယားရဲ့ အာဏာရှင်စနစ်ကို အဆုံးသတ်သွားစေနိုင်တယ်” လို့ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားကို သတိပေးထားပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေအပေါ် မြောက်ကိုရီးယားက ပြုလုပ်မယ့် ဘယ်စစ်ပွဲမဆို လုံးဝရှုံးနိမ့်သွားရမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ္စက ပြောပါတယ်။ သြဂုတ် ၈ ရက်နေ့က ဒေါ်နယ်လ်ထရမ့်ရဲ့ မှတ်ချက်ဖြစ်တဲ့ မြောက်ကိုရီးယားက အမေရိကန်ကို ခြိမ်းခြောက်ပြီး ရူးရူးမိုက်မိုက် စွန့်စားနေတယ်ဆိုတဲ့ စကားကလည်း လုံးဝ အဓိပ္ပာယ်မရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးမှုအပေါ်ကိုတော့ “ဒီလို အမြော်အမြင်မရှိတဲ့လူမျိုးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်မယ့်ပုံမပေါ်ဘူး။ လုံးဝ အင်အားသုံးတာမျိုးကပဲ ဒီလိုလူမျိုးနဲ့ အလုပ်ဖြစ်မယ်” လို့ နိုင်ငံပိုင် ကေစီအန်အေ သတင်းဌာနက ဖြည့်စွက် ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တေလာဆန်ကတော့ “ဒီရက်ပိုင်းအတွင်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး မရှိပါဘူး။ အမေရိကန်အနေနဲ့ ညဘက်တွေမှာ ကောင်းကောင်း နှစ်နှစ်ချိုက်ချိုက် အိပ်သင့်ပါတယ်” လို့ ပြောပါတယ်။ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းနဲ့ ကီလိုမီတာ ၃၄၀၀ လောက်အကွာမှာ တည်ရှိတဲ့ ဂူအမ်ကျွန်းဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ ဒီကျွန်းကို ၁၈၉၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန်-အမေရိကန် စစ်ပွဲကာလတုန်းက စပိန်နိုင်ငံကနေ အမေရိကန်က သိမ်းယူထားခဲ့တာပါ။ ကျွန်းအကျယ်အဝန်းဟာ ၅၅၀ စတုရန်းကီလိုမီတာရှိပြီး ကျွန်းပေါ်မှာတော့ လူဦးရေ ၁ သိန်း ၆ သောင်းကျော် နေထိုင်ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂူအမ်ကျွန်းပေါ်မှာ အမေရိကန်စစ်တပ်အင်အား ၆၀၀၀ လောက်နဲ့ တပ်စွဲထားတာပါ။ လက်ရှိ ရွေးကောက်တင်မြှောက်ထားတဲ့ မြို့တော်ဝန်ကတော့ အက်ဒီကယ်လ်ဗို ဖြစ်ပြီး ကျွန်းပေါ်နေထိုင်သူတွေထဲက ၄၀ ရာခိုင်နှုန်းဟာ ဌာနေတိုင်းရင်းသား ဖိလစ်ပိုင်လူမျိုးတွေ ဖြစ်ကြပါတယ်။
4 years Ago
Up