အမေရိကန်တွင် နှင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၃၀၀၀ ခန့် ရပ်ဆိုင်းခဲ့ရ

February 10, 2017

အမေရိကန်တွင် နှင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၃၀၀၀ ခန့် ရပ်ဆိုင်းခဲ့ရ

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပြည်နယ်တွေမှာ ဖေဖော်ဝါရီ ၉ ရက်နေ့က နှင်းမုန်တိုင်းတိုက်ခတ်ပြီး ဆီးနှင်းထု တပေလောက်အထိ ကျဆင်းခဲ့တာကြောင့် လေယာဉ်ခရီးစဉ် အတော်များများ ရပ်ဆိုင်းလိုက်ရပါတယ်။ နယူးယောက်အပါအဝင် မြို့ကြီးအတော်များများမှာ စာသင်ကျောင်းတွေကို ယာယီပိတ်လိုက်ပါတယ်။ မြောက်ဘက် မိန်းပြည်နယ်ကနေ တောင်ဘက် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်အထိ ကမ်းရိုးတန်းတလျှောက် ပြည်နယ်အားလုံးလိုလိုမှာ ဆီးနှင်းထု ထူထပ်စွာကျဆင်းခဲ့ပြီး နယူးယောက်နဲ့ ဘော့စတန်လို မြို့ကြီးတွေမှာ အခြေအနေ ဒီထက်ပိုဆိုးနိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ ဒါဟာ အခုနှစ်ဆောင်းရာသီအတွင်း လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ အဆိုးဆုံး ဆီးနှင်းကျဆင်းမှု ဖြစ်ပါတယ်။ ဒီ့အတွက် နယူးယောက်၊ နယူးဂျာစီနဲ့ ဘော့စတန်မြို့ လေဆိပ်တွေက လေယာဉ်ခရီးစဉ် တဝက်လောက်ကို ရပ်ဆိုင်းလိုက်ရပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် စုစုပေါင်း လေယာဉ်ခရီးစဉ် ၂၉၀၃ ခု ရပ်ဆိုင်းလိုက်ရကြောင်း Flightaware.com. ၀က်ဆိုက်က သတင်းထုတ်ပြန်ထားပါတယ်။ ကျောင်းသားဦးရေ ၁ သန်းကျော်ရှိတဲ့ နယူးယောက်မြို့နဲ့အတူ ဘော့စတန်နဲ့ ဖီလာဒဲလ်ဖီးယားရှိ စာသင်ကျောင်း အတော်များများကို ယာယီပိတ်လိုက်ရပါတယ်။ ဒါ့အပြင် နှင်းမုန်တိုင်းဟာ ၁ နာရီ မိုင် ၅၀ နန်းနဲ့ တိုက်ခတ်နိုင်ပြီး အဲဒီကာလကို "thunder snow" နှင်းမိုးကြိုးမုန်တိုင်းအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီနှင်းမုန်တိုင်း တိုက်ခတ်ချိန်မှာ ၁ နာရီကို နှင်းထု ၄ လက်မအထိ ကျဆင်းနိုင်ပြီး အဝေးပြေးလမ်းမတွေပေါ်မှာ ယာဉ်အသွားအလာ အတော်အန္တရာယ်ရှိတဲ့အထိ ခက်ခဲနိုင်တယ်လို့ အမေရိကန်အစိုးရ အမျိုးသားမိုးလေဝသဌာနက သတိပေးနှိုးဆော်ထားပါတယ်။
4 years Ago
Up