အမေရိကန်တွင် မျက်နှာဖုံးစွပ် လုယက်ဂိုဏ်းဖမ်းမိ (ရုပ်သံ)

March 4, 2017

အမေရိကန်တွင် မျက်နှာဖုံးစွပ် လုယက်ဂိုဏ်းဖမ်းမိ (ရုပ်သံ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဂျိုးစ်နဲ့ မယ်လ်ပီတာစ်မြို့တွေမှာ ဓာတ်ဆီဆိုင်၊ အရက်မျိုးစုံရောင်း စတိုးဆိုင်နဲ့ ဈေးလေးတွေမှာ ဆက်တိုက်ဖြစ်ခဲ့တဲ့ ဓားပြတိုက်မှုတွေနဲ့ပတ်သက်ပြီး သံသယရှိသူ ၃ ဦးကို ကယ်လီဖိုးနီးယားရဲတွေက ဖမ်းဆီးရမိတယ်လို့ ဒေးလီးမေးလ်အွန်လိုင်း သတင်းမှာ မတ်လ ၄ ရက်နေ့က ဖော်ပြထားပါတယ်။ ဖြစ်ခဲ့တဲ့ ရာဇဝတ်မှုအများစုက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အများဆုံးဖြစ်ခဲ့တာဖြစ်ပြီး သံသယရှိသူတွေဟာ စတိုးဆိုင်တွေကို သေနတ်တွေ ဓားအကြီးကြီးတွေနဲ့ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ ဓားပြတိုက်သူတွေဟာ “ဂေရှားဒေါလ်” လို့ခေါ်တဲ့ ဂေရှားမယ်တွေလို မျက်နှာဖုံးဖြူဖြူတွေစွပ်ပြီး ဓားပြတိုက်ခဲ့လို့ ဒီဓားပြမှုတွေဟာ သိသာထင်ရှားနေပါတယ်။ သံသယရှိသူတွေက ငွေကောင်တာအနောက်က အလုပ်သမားတွေကို သေနတ်တွေ ထုတ်ပြပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ မနှစ်အောက်တိုဘာလလယ်ကတည်းက ဖြစ်ခဲ့တဲ့ ဓားပြတိုက်မှု စုစုပေါင်း ၁၂ မှုအတွက် လူ ၃ ဦးကို သံသယရှိတယ်လို့ ရဲက ယူဆနေပါတယ်။ စုံစမ်းထောက်လှမ်းရေးအရာရှိတွေလည်း သက်သေတွေနဲ့ စောင်ကြည့်ကင်မရာ မှတ်တမ်းတွေကို စုစည်းပြီး ဓားပြတိုက်ခံရသူတွေနဲ့ မျက်မြင်သက်သေတွေကို တွေ့ဆုံမေးမြန်းခဲ့ပါ တယ်။ ဈေးဝယ်စင်တာအသေးစား ဓားပြတိုက်ခံရမှုသံသယနဲ့ စပ်လျဉ်းပြီး လူငယ်တဦးကို ရဲက ဖမ်းဆီးခဲ့တယ်၊ ဆယ်ကျော်သက်ရဲ့ အိမ်မှာလည်း သက်သေတွေ တွေ့ခဲ့တယ်လို့ NBC News သတင်းအရ သိရပါတယ်။ အဲဒီနောက်မှာ လူငယ်က ဓားပြမှု ၁၂ ခုလုံးနဲ့ စပ်ဆက်မှုရှိတယ်လို့ ရှာတွေ့ကြောင်း သိရပါတယ်။ အသက် ၁၇ နှစ်အရွယ် လူငယ်ကို စင်တာကလာရာခရိုင်က လူငယ်သင်တန်းကျောင်း အချုပ်မှာ ထားရှိထိန်းသိမ်းထားပြီး သိတ်မကြာခင်မှာပဲ နောက်ထပ် ၁၇ နှစ်နဲ့ ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ၂ ယောက်ကို ဆန်ဂျိုးစ်မြို့မှာ ထပ်မံဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
5 years Ago
Up