အမေရိကန်တွင် ကားခိုးမှုစုံစမ်းရာမှ ပစ်ခတ်မှုဖြစ်၊ ရဲတပ်ဖွဲ့ဝင် အပါအဝင် ၂ ဦး သေဆုံး

February 6, 2018

အမေရိကန်တွင် ကားခိုးမှုစုံစမ်းရာမှ ပစ်ခတ်မှုဖြစ်၊ ရဲတပ်ဖွဲ့ဝင် အပါအဝင် ၂ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်မှာ ကားခိုးမှုကို စုံစမ်းရာကနေ စတင်တဲ့ ပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင်တဦးနဲ့ သံသယရှိသူတဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့က ဒီပစ်ခတ်မှုမှာ နောက်ထပ်ရဲအရာရှိ သုံးဦးနဲ့ အရပ်သား တဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ကားခိုးမှုတခုနောက်ကို လိုက်နေတဲ့ ကော်လိုရာဒိုပြည်နယ် ဥပဒေစိုးမိုးရေး အေဂျင်စီတွေကို အမျိုးသားတဦးက ကော်လိုရာဒိုစပရင်းမြို့က တိုက်ခန်းတခန်းကနေ ပစ်ခတ်ခဲ့တာလို့ မြို့ရဲအရာရှိက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပစ်ခတ်မှု ၁၅ ကြိမ်လောက်ဖြစ်ခဲ့တယ်လို့ မြို့ခံ ခါဒို ရုပ်သံသတင်းဌာနက ဖော်ပြပေမယ့် ရဲတပ်ဖွဲ့ဘက်ကတော့ အတည်ပြုခြင်း မရှိပါဘူး။ ကော်လိုရာဒိုပြည်နယ်မှာ ပြီးခဲ့တဲ့ ငါးပတ်အတွင်း တာဝန်ထမ်းဆောင်ချိန် ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ ရဲအရာရှိ ၃ ဦးအထိရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ချိန် အသတ်ခံခဲ့ရတဲ့ ရဲအရာရှိ ၁၂၈ ဦးအထိ ရှိခဲ့ကြောင်း အမျိုးသားရဲအရာရှိများ အောက်မေ့ဖွယ် ရန်ပုံငွေအဖွဲ့က ပြောထားပါတယ်။
3 years Ago
Up