အမေရိကန်တရားရေးဌာန

July 25, 2019

အကြီးစား ဒစ်ဂျစ်တယ်နည်းပညာ လုပ်ငန်းများကို စစ်ဆေးရန် အမှုဖွင့်နေဟု အမေရိကန် တရားရေးဌာန ပြော

အကြီးစား ဒစ်ဂျစ်တယ်နည်းပညာ လုပ်ငန်းတွေကို ပိုကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်နေတယ်လို့ အမေရိကန် တရားရေးဌာနက ဇူလိုင် ၂၃ ရက်မှာ ပြောပါတယ်။ ဒီလုပ်ငန်းတွေဟာ လုပ်ငန်းဈေးကွက်မှာ တဖက်သား မပြိုင်နိုင်အောင်လုပ်တဲ့ လုပ်ရပ်တွေ ရှိမရှိ စစ်ဆေးနေပြီး ဒါဟာ ထရမ့်အစိုးရက နည်းပညာလုပ်ငန်းကြီးတွေအပေါ် စိစစ်မှု တိုးလုပ်နေတဲ့ အားအကောင်းဆုံး လက္ခဏာလို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။ ဈေးကွက်ဝေစုရအောင် ဘယ်လိုလုပ်လဲ၊ ဆန်းသစ်တီထွင်မှုတွေကို ထိန်းချုပ်ထားသလား၊ ပြိုင်ဘက်တွေ လျော့လာအောင် လုပ်နေလား၊ သုံးစွဲသူတွေကို အန္တရာယ်ပေးနေလား စတဲ့ အချက်တွေကို သုံးသပ်နေတယ်လို့ တရားရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ လုပ်ငန်းတွေရဲ့ နာမည်ကိုတော့ မထုတ်ပြန်ခဲ့ပေမယ့် သုံးသပ်ချက်တွေကြောင့် လူမှုကွန်ရက် မီဒီယာတွေ၊ အင်တာနက်ရှာဖွေရေး လုပ်ငန်းတွေနဲ့ တချို့ လက်လီ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းတွေအတွက် စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပြီး ကုမ္ပဏီတွေရဲ့စာရင်းပေးဖို့ တောင်းတာကိုတော့ တရားရေးဌာန ပြောခွင့်ရက ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် အယ်လ်ဖာဘတ် နိုင်ငံတကာ ကော်ပိုရေးရှင်း၊ အမေဇုန်နဲ့ ဖေ့စ်ဘွတ်ခ်အပြင် အက်ပဲလ် နိုင်ငံတကာ ကော်ပိုရေးရှင်းတို့ကိုပါ ရည်ညွှန်းပုံရတယ်လို့ ရိုက်တာက ရေးပါတယ်။
2 years Ago
Up