အမေရိကန်ခရီးသည်တင်ယာဉ်

May 21, 2017

အမေရိကန်ခရီးသည်တင်ယာဉ်ကို တိုက်လေယာဉ် ၂ စီးက ခြံရံဆင်းသက်ခဲ့ရ (ရုပ်သံ)

အမေရိကန်နိုင်ငံ ဟိုနိုလူလူ နိုင်ငံတကာလေဆိပ်ကို ဆင်းသက်မယ့် အမေရိကန် လေကြောင်းလိုင်းက အရပ်ဘက် လေယာဉ်တစီးကို အမေရိကန် လေတပ်က တိုက်လေယာဉ် ၂ စီးက မေ ၁၉ ရက်နေ့က ခြံရံဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်ပေါ်မှာ အနှောင့်အယှက်တခု ရှိခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကြောင့် ခုလို ခြံရံ ဆင်းသက်ခဲ့ရတာလို့ ပစိဖိတ် စစ်တိုင်းရဲ့ ပြောခွင့်ရက ပြောပါတယ်။ ဘယ်လို အနှောင့်အယှက်လဲ ဆိုတာကို အမေရိကန် လေကြောင်းလိုင်းကရော လေတပ်ကပါ ထုတ်မပြောခဲ့ပါဘူး။ လော့စ် အိန်ဂျလိစ်မြို့ကနေ ဟိုနိုလူလူကို ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ ခရီးသည် တယောက်က လေယာဉ်မှူးတွေ မောင်းနှင်နေတဲ့ စက်ခန်းထဲကို ဝင်ဖို့ ကြိုးစားခဲ့တယ်လို့ ဒေသခံ သတင်းမီဒီယာတွေက အစီရင်ခံပါတယ်။ တူရကီနိုင်ငံသား အမျိုးသားတယောက် ဟာ အစောပိုင်းမှာ လော့စ်အိန်ဂျလိစ် နိုင်ငံတကာ လေဆိပ်ရဲ့လုံခြုံရေးကို ချိုးဖောက်ခဲ့သေးတယ်၊ ဒါပေမယ့် လေကြောင်းခရီးစဉ်ကို လိုက်ပါစီးနင်းဖို့ ခွင့်ပြုချက် ရခဲ့တယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး HawaiiNewsNow မီဒီယာက အစီရင်ခံပါတယ်။ လော့စ်အိန်ဂျလိစ်ကနေ ဟိုနိုလူလူကို ပျံသန်းလာတဲ့ လေကြောင်းခရီးစဉ် အမှတ် ၃၁ က လေယာဉ် အမှုထမ်းတယောက်က အဲဘတ်စ် အမျိုးအစား လေယာဉ် A321 ဆင်းသက်ချိန်မှာ အနှောင့်အယှက်ကြောင့် ဥပဒေ အာဏာတည်ရေးအဖွဲ့တွေ တွေ့ဆုံဖို့ အကူအညီ တောင်းခဲ့တယ်လို့ အမေရိကန် လေကြောင်းလိုင်းက အတည်ပြုပါတယ်။ လေယာဉ်ကတော့ ဘေးကင်းကင်း ဆင်းသက်နိုင်ခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။ လေယာဉ်အလယ်က လူသွားလမ်းပေါ်မှာ အမျိုးသားတဦး လက်ထိတ်ခတ်ခံလျက်သား လဲလျောင်းနေပုံ ရုပ်သံကို လူမှုကွန်ယက် မီဒီယာပေါ်မှာ ဖြန့်ချိနေကြပါတယ်။ ခရီးသည်တင် လေယာဉ်ကို ခြံရံဖို့ F-22 တိုက်လေယာဉ် ၂ စီးကို ပစိဖိတ်စစ်တိုင်းက စေလွှတ်ခဲ့ရပါတယ်။ တူရကီနိုင်ငံသား အမျိုးသားကို ဖမ်းဆီးခေါ်ဆောင်လာသည့် ရုပ်သံ ကြည့်ရှုရန်
4 years Ago
Up