အမေရိကန်ပြည်ထောင်စုက မဟာမိတ် တောင်ကိုရီးယားကို ခိုင်မာတဲ့ရပ်တည်မှု ပြသတဲ့အနေနဲ့ စက်တင်ဘာ ၁၃ ရက်နေ့က B-1 ဗုံးကြဲလေယာဉ် ၂ စီးကို တောင်ကိုရီးယားနိုင်ငံဆီ စေလွှတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ၅ ကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲခဲ့အပြီး အမေရိကန်က အခုလို လုပ်ဆောင်ခဲ့တာပါ။
ဆိုးလ်မြို့တော်က အိုဆန်လေတပ်စခန်းပေါ်ကနေ B-1 နျူကလီးယား ဗုံးကြဲလေယာဉ် ၂ စီးကို အမေရိကန်နဲ့ တောင်ကိုရီးယား တိုက်လေယာဉ်တွေ ခြံရံပြီး အနိမ့်ပျံသန်း အင်အားပြခဲ့ပါတယ်။
ဒီ နျူကလီးယားဗုံးကြဲလေယာဉ်တွေကို ပစိဖိတ်သမုဒ္ဒရာရှိ ဂူအမ်ကျွန်း (Guam) အမေရိကန်လေတပ် အခြေစိုက်စခန်းက စေလွှတ်လိုက်တာပါ။
တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အမေရိကန်တပ်တွေရဲ့ တပ်မှူးကြီး ဗိုလ်ချုပ် ဗင်းဆင့် ဘရော့စ် (Vincent Brooks) က ဒေသတွင်း မဟာမိတ်တွေကို ကာကွယ်ရေးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ယုံကြည်ချက် ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောဆိုပါတယ်။
4 years Ago