အမေရိကန်က ရုရှားနိုင်ငံသားများကို ပြည်ဝင်ခွင့် တင်းကျပ်

August 23, 2017

အမေရိကန်က ရုရှားနိုင်ငံသားများကို ပြည်ဝင်ခွင့် တင်းကျပ်

အမေရိကန်အစိုးရက ရုရှားနိုင်ငံသားတွေအပေါ် ပြည်ဝင်ခွင့် သိသိသာသာ တင်းကျပ် ကန့်သတ်မှုတွေကို သြဂုတ် ၂၁ ရက်က စတင်လိုက်တဲ့အတွက် ရုရှားအစိုးရက ဒေါသထွက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်က ရုရှားနိုင်ငံတွင်းရှိ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန် ဝန်ထမ်းဦးရေ ထက်ဝက်ကျော် လျှော့ချဖို့ သမ္မတ ဗလာဒီမီယာ ပူတင် အမိန့်ထုတ်ခဲ့မှုအပေါ် အမေရိကန်ဘက်က တုံ့ပြန်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဒီလုပ်ရပ်ကြောင့် စီးပွားရေးအတွက် ခရီးသွားမယ့်သူတွေ၊ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ကျောင်းသားတွေ အကျပ်ရိုက်ခဲ့ပါတယ်။ အပြန်အလှန် လုပ်ဆောင်ချက်တွေကြောင့် ၂ နိုင်ငံဆက်ဆံရေးဟာ စစ်အေးခေတ် နှောင်းပိုင်းမှာ အနိမ့်ဆုံးအဆင့်ထိ ရောက်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာရလာပြီးရင် အမေရိကန်နဲ့ ရုရှားဆက်ဆံရေး တိုးတက်ကောင်း တိုးတက်လာနိုင်တယ်လို့ ထင်ခဲ့တဲ့ နှစ်ဘက်လုံးအတွက် မျှော်လင့်ချက်တွေ ပျက်ပြယ်ခဲ့တာပါ။ သြဂုတ် ၂၁ ရက်က စပြီး ပြည်ဝင်ခွင့် လျှောက်ထားသူတွေအတွက် ချိန်းဆိုမှုတွေ အတော်များများကို ပယ်ဖျက်ပြီး အစီအစဉ်ပြန်ဆွဲဖို့ တောင်းဆိုမယ်လို့ ကြေညာချက်က ဆိုပါတယ်။ ရုရှားအစိုးရရဲ့ လိုအပ်ချက်အတိုင်း ဝန်ထမ်း အကြီးအကျယ် လျှော့ချခဲ့ရလို့ အနာဂတ်မှာ လူတွေ့မေးမြန်းနိုင်စွမ်း အကြီးအကျယ် လျော့ကျလိမ့်မယ်လို့ သံရုံးက အင်တာနက် စာမျက်နှာကတဆင့် ကြေညာပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံဆီကို စီးပွားရေး၊ ခရီးသွားလုပ်ငန်းနဲ့ ပညာရေး အကြောင်းပြချက်နဲ့လာမယ့် ရုရှားနိုင်ငံသားတွေဟာ မော်စကိုမြို့တော် အပြင်ဘက်က ကောင်စစ်ဝန်ရုံးတွေကနေ ပြည်ဝင်ခွင့် မလျှောက်ထားနိုင်တော့ဘဲ မော်စကိုမြို့တော်က သံရုံးဆီကိုသာ လာပြီး လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ ရုရှားနိုင်ငံသား အများအပြားအတွက် ဆိုးရွားတဲ့ သွားလာရေးဆိုင်ရာ စိန်ခေါ်မှုပါ။ ရုရှားဟာ ကမ္ဘာ့အကျယ်ဆုံးနိုင်ငံဖြစ်ပြီး အချိန်ဇုန် ၁၁ ခုရှိတဲ့အထိ ကျယ်ပြန့်ပါတယ်။ ရုရှားနိုင်ငံရဲ့ မြို့ကြီးတွေဖြစ်တဲ့ စိန့်ပီတာစဘက်၊ ဗလာဒီဗိုစတော့ခ်နဲ့ ယေကာတယ်ရင်ဘတ် မြို့တွေမှာ အမေရိကန် ကောင်စစ်ဝန်ရုံးတွေ ရှိပါတယ်။
4 years Ago
Up