သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကက်ဘီနက်အဖွဲ့မှာ တည်ငြိမ်ရေးအင်အားစုလို့ သိရှိထားကြတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်ဟာ ဒီဇင်ဘာ ၂၁ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားပါတယ်။
အမေရိကန်တပ်တွေကို ဆီးရီးယားကနေ ပြန်ဆုတ်တော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထရမ့် ကြေညာခဲ့ပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
သမ္မတထရမ့်နဲ့ မူဝါဒပိုင်းဆိုင်ရာမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်ဆိုပြီး ကာကွယ်ရေးဝန်ကြီး မက်တစ်ရဲ့ နုတ်ထွက်စာထဲမှာ ဖော်ပြထားပါတယ်။
မက်တစ်နေရာ ဆက်ခံမယ့်သူကို မကြာခင်မှာ အမည်စာရင်း တင်သွင်းသွားမယ်လို့ ထရမ့်က ပြောပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ နုတ်ထွက်မှုဟာ ဖေဖော်ဝါရီလကုန်မှာ သက်ရောက်မယ်လို့ သိရပါတယ်။
မက်တစ်အနေနဲ့ ထရမ့် အုပ်ချုပ်ရေးအဖွဲ့ထဲကနေ နုတ်ထွက်သွားခဲ့တဲ့ ဒါမှမဟုတ် ဖယ်ရှားခံလိုက်ရတဲ့ အဆင့်မြင့်အရာရှိတွေ စာရင်းထဲ ပါသွားခဲ့သူလည်း ဖြစ်ပါတယ်။
ထရမ့်ရဲ့ အိမ်ဖြူတော်ဟာ အရင်သမ္မတ ငါးယောက်လက်ထက်တုန်းကထက် အဆင့်မြင့်အရာရှိတွေ အပြောင်းအလဲဖြစ်နှုန်း အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာလက CBS အင်တာဗျူးတခုမှာ ထရမ်က မက်တစ်ဟာ ဒီမိုကရက်တယောက် ပုံစံမျိုးဖြစ်ပြီး မကြာခင်မှာ အလုပ်ထွက်သွားနိုင်တယ်လို့ ပြောကြားခဲ့တဲ့နောက် မက်တစ် တယောက် သူ့ရာထူးနေရာမှာ ကြာကြာမခံလောက်တော့ဘူးဆိုတဲ့ ယူဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။
4 years Ago