အမေရိကန်ကမ်းရိုးတန်းအနီး ရုရှားစစ်လေယာဉ်များ ၄ ရက်အတွင်း ၄ ကြိမ် ပျံသန်း (ရုပ်သံ)

April 22, 2017

အမေရိကန်ကမ်းရိုးတန်းအနီး ရုရှားစစ်လေယာဉ်များ ၄ ရက်အတွင်း ၄ ကြိမ် ပျံသန်း (ရုပ်သံ)

အမေရိကန်နိုင်ငံ အလက်စကားကမ်းရိုးတန်းအနီးမှာ ရုရှားစစ်လေယာဉ်တွေ လေးရက်အတွင်း လေးကြိမ် ဖြတ်ပျံသန်းခဲ့တယ်လို့ အမေရိကန် လေယာဉ်တည်ဆောက်စခန်း ကာကွယ်ရေးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက စီအန်အန်ကို ဧပြီ ၂၁ ရက်နေ့မှာ ပြောပါတယ်။ ဧပြီ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ရုရှားစစ်လေယာဉ်တွေ နှစ်ကြိမ် ပျံသန်းသွားခဲ့ကြပြီး ပထမတစ်ကြိမ်က အိုင်အယ်-၃၈ လေယာဉ်နဲ့ ဒုတိယအကြိမ်က တီယူ/တူ-၉၅ နယူကလီးယာဗုံးကျဲလေယာဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ရုရှားလေယာဉ်တွေက အမေရိကန်လေကြောင်းပိုင်နက်ထဲကို ဘယ်တုန်းကမှ ဝင်ရောက် မပျံသန်းဖူးပါဘူး။ ဒါပေမဲ့ ဧပြီလ ၂၀ ရက်နေ့မှာတော့ ဒီရုရှားစစ်လေယာဉ်တွေဆီ ကြားဖြတ်ပျံသန်းဖို့ အမေရိကန် အက်ဖ် ၂၂ ဂျက်လေယာဉ်တွေနဲ့ ကနေဒါ စီအက်ဖ် ဂျက်လေယာဉ်တွေကို စေလွှတ်လိုက်တယ်လို့  မြောက်အမေရိကန် လေယာဉ်တည်ဆောက်စခန်း ကာကွယ်ရေးတပ်ရဲ့ (အန်အိုအာအေဒီ) ရဲ့ ပြောကြားချက်အရ သိရပါတယ်။ “သိသိသာသာကြီးကို ကျနော်တို့ဘက်က ဒါကို သတိပြုမိပါတယ်/သတိထားပါတယ်” လို့ အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ရှောင်စပိုက်ဆာက ဧပြီလ ၂၁ ရက်နေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ “ဒါကတကယ့်ကို ဖြစ်ခဲတယ်၊ အရမ်း ထူးခြားတာတော့ မဟုတ်ပါဘူး၊ ကျနော်တို့က အားလုံး စောင့်ကြည့်နေပါတယ်” လို့ သူကပြောပါတယ်။ အခြား နှစ်ကြိမ်ပျံသန်းတာက ဧပြီလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့တွေမှာ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ရုရှားစစ်လေယာဉ်တွေ ပျံသန်းတာက တကယ့်စစ်ရေးခြိမ်းခြောက်မှုတော့ မဟုတ်ပေမယ့် ဒီအပတ်ထဲမှာ ရုရှားစစ်လေယာဉ်တွေ အကြိမ်တော်တော်များများ ပျံသန်းခဲ့တာကိုတော့ အမေရိကန်ကာကွယ်ရေး အရာရှိတွေက သတိပြုမိတယ်လို့ဆိုပါတယ်။ “မဟာဗျူဟာနဲ့ဆိုင်တဲ့ သတင်းစကားကလွဲရင် ဒီပျံသန်းမှုကို အခြားအဓိပ္ပာယ်ကောက်စရာတော့ မရှိပါဘူး” လို့ ကာကွယ်ရေးအရာရှိတစ်ဦးက စီအန်အန်ကို ပြောပါတယ်။ “ရုရှားတွေဘက်က ဒီလိုလေကြောင်းလှုပ်ရှားမှုတွေကို မတွေ့ရတာ ၂ နှစ်လောက်ရှိပြီ။ ဒါပေမယ့် ဒါတွေက အသစ်အဆန်း ထူးခြားတာတော့ မဟုတ်ပါဘူး” လို့ အန်အိုအာအေဒီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကော်နယ်လီရိုက ပြောပါတယ်။
4 years Ago
Up