အမေဇုန် အင်တာနက်ဈေးအရောင်းဆိုင်ကြီးကို ထူထောင်သူ ဂျက်ဖ် ဘဲဇော့စ် (Jeff Bezos) ဟာ အမေရိကန်ပြည်ထောင်စုမှာ မိုက်ခရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်စ်ပြီးရင် ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။
အမေရိကန် စီးပွားရေးမဂ္ဂဇင်းကြီးတစောင်ဖြစ်တဲ့ ဖော့ဘ်စ် (Forbes) မဂ္ဂဇင်းက အခုနှစ်ရဲ့ အချမ်းသာဆုံး အမေရိကန် အယောက် ၄၀၀ စာရင်းကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ အမေဇုန်စီအီးအို ဂျက်ဖ်က အဆင့် ၂ ဆင့် ခုန်တက်ခဲ့တာပါ။
ဘီလ်ဂိတ်စ်ကတော့ အချမ်းသာဆုံး အမေရိကန်နိုင်ငံသားအဖြစ် ၂၃ နှစ်ဆက်တိုက် ရပ်တည်နေဆဲဖြစ်ပြီး ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၈၁ ဘီလီယံကျော် ရှိပါတယ်။
အခု ဒုတိယနေရာကို တက်လာတဲ့ ဂျက်ဖ်ကတော့ အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံ ပိုင်ဆိုင်ပြီး သူ့ကုမ္ပဏီ အစုရှယ်ယာတန်ဖိုး ခုန်တက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။
တတိယနေရာမှာတော့ ရင်းနှီးမြှုပ်နှံမှုသူဌေးကြီး ၀ါရင်း ဘတ်ဖော့က ဒေါ်လာ ၆၅ ဘီလီယံခွဲရှိပြီး လက်ရှိ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကတော့ အဆင့်ကျဆင်းသွားပါတယ်။
အိမ်ခြံမြေသူဌေးကြီးဖြစ်တဲ့ ဒေါ်နယ်ထရမ့်ဟာ နယူးယောက်မြို့၊ မန်ဟတ်တန် အိမ်ခြံမြေဈေးကျလို့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံနဲ့ အဆင့် ၁၂၁ ကနေ ၁၅၆ ကို ကျဆင်းသွားတာ ဖြစ်ပါတယ်။
6 years Ago