အမေဇုန်တော

March 3, 2019

အမေဇုန်တောထဲက ကြီးမားသည့် ဝေလငါးအသေကောင်ကို တွေ့ရှိ

ဘရာဇီးနိုင်ငံရဲ့ အမေဇုန်တောအစပ်မှာ သောင်တင်နေတဲ့ humpback ဝေလငါးတကောင်ရဲ့ အရိုးစုကို တံငါသည်တစုက ဖေဖော်ဝါရီ ၂၂ ရက်မှာ ရှာဖွေတွေ့ ရှိခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။ ဒီငါးအသေကောင်ကြီးကို Instituto Bicho D’Agua လို့ခေါ်တဲ့ ပရဟိတအဖွဲ့အစည်း တခုက လူမှုပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်းကောက်ယူမှု တခုပြုလုပ်ချိန်မှာ တွေ့ခဲ့ရတာဖြစ်ပြီး သူတို့ရိုက်ကူးလာတဲ့ ဓာတ်ပုံတွေမှာလည်း ဝေလငါး အသေကောင်ကြီးကို လမုတောပင်တွေကြား ပက်လက်လှန်အနေအထားနဲ့ တွေ့ရပါတယ်။ သေဆုံးနေတဲ့ ဝေလငါးဟာ အထီးဖြစ်ပြီး ဘရာဇီးနိုင်ငံရဲ့ ပါရာပြည်နယ်က အာရာရူနာ ကမ်းခြေနဲ့ ၁၅ မီတာအကွာမှာတွေ့ခဲ့ရတာလို့လည်း ဒီအဖွဲ့ကပြောပါတယ်။ NGO အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာလည်း ငါးဟာ ကမ်းခြေကိုရောက်မလာခင် ငါးရက်လောက်ကတည်းက သေဆုံးခဲ့တာဖြစ်နိုင်ကြောင်း၊ လှိုင်းပုတ်မှုကြောင့် လမုတောထဲ ရောက်လာကာ နောက်ဆုံးမှာ ပိတ်မိသွားတာလို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာ ငါးအသေကောင်ဆီက နမူနာအချို့ကို ယူဆောင်လာပြီး ဒီဝေလငါး ဘာကြောင့် သေဆုံးခဲ့တယ်ဆိုတာကို သိရှိအောင် စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
2 years Ago

July 21, 2018

အမေဇုန်တောထဲ တကိုယ်တည်းနေထိုင်သည့် တိုင်းရင်းသားတဦး၏ ဗွီဒီယိုဖိုင်ထွက်ပေါ်

အမေဇုန်မိုးသစ်တောအတွင်း တကိုယ်တည်းနေထိုင်နေတဲ့ တိုင်းရင်းသား အမျိုးသားတဦးရဲ့ပုံရိပ်ကို အမိအရ မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဗွီဒီယိုဖိုင်တခု ပေါ်ထွက်လာခဲ့တယ်လို့ Sky News သတင်းမှာဖော်ပြပါတယ်။ ဒီဗွီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်တုန်းက ရိုက်ကူးထားတာလို့လည်း သတင်းက ဆိုပါတယ်။ တောတွင်းသားဟာ အသက် ၅ဝ ကျော်အရွယ်လောက်လို့ ခန့်မှန်းရပြီး သူဟာ ကျန်းမာသန်စွမ်းပုံရပါတယ်။ သစ်ပင်တစ်ပင်ကို ပုဆိန်နဲ့ ခုတ်နေပုံကို ရိုက်ကူးလိုက်နိုင်တာဖြစ်ပြီး ဒါဟာ သူနဲ့ပတ်သတ်တဲ့ ပထမဆုံးသော ဗွီဒီယိုဖိုင်လည်း ဖြစ်ပါတယ်။ အရင်က အမေဇုန်သစ်တောအတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုပေါင်းများစွာရှိပေမယ့် သူတို့ဟာ လယ်သမားတွေနဲ့ သစ်ခုတ်သမားတွေရဲ့ သတ်ဖြတ်မောင်းထုတ်မှုကြောင့် အခုချိန်မှာ မရှိသလောက်ကို နည်းပါးလာခဲ့ပါတယ်။ ဗွီဒီယိုဖိုင်မှာ မြင်တွေ့ရတဲ့ တောတွင်းသားဟာ ပြီးခဲ့တဲ့ ၁၉၉၅ ခုနှစ်မှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်းမှာ အသက်ခံခဲ့ရတဲ့ တိုင်းရင်းသား ခြောက်ဦးထဲက အသက်ရှင်ကျန်ရစ်သူလို့လည်း ယူဆရပါတယ်။ ဘရာဇီးနိုင်ငံအတွင်းက တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ Funai အေဂျင်စီက ဒီအမျိုးသားကို ၁၉၉၆ ခုနှစ်ကတည်းက မျက်ခြည်မပြတ်စောင့်ကြည့်ခဲ့တာဖြစ်ပေမယ့် သူနဲ့တခါမှတော့ မဆက်သွယ်ခဲ့ဖူးပါဘူး။ ရွန်ဒွန်နီးယားပြည်နယ်မှာရှိတဲ့ Funai အဖွဲ့ တာဝန်ရှိသူတဦးကတော့ ဒီအမျိုးသားဟာ ခေတ်သစ်လူ့အဖွဲ့အစည်းနဲ့ပတ်သတ်လို့ လုံးလုံးစိတ်ဝင်းစားပုံ မရဘူးလို့ ပြောပါတယ်။ ဒီတောတွင်းသားဟာ အပင်စိုက်တာ၊ လေးနဲ့ မြားကိုအသုံးပြု အမဲလိုက်တာတွေနဲ့ ဆက်လက်အသက်ရှင်နေတာဖြစ်ပြီး ဒီလုပ်ငန်းတွေကြောင့် သူဟာ ကျန်းမာသန်စွမ်း နေရတာလို့လည်း Funai အဖွဲ့က ဆိုပါတယ်။ ဘရာဇီးဘက်ခြမ်းမှာရှိတဲ့ အမေဇုန်သစ်တောတွင်းမှာတင် ခန့်မှန်းခြေ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၁၃ မျိုးလောက် ရှိတယ်လို့ ယူဆရပြီး ခြေရာမခံမိသေးတဲ့ တခြားတိုင်းရင်းသားများစွာလည်း အမေဇုန်တောအတွင်းမှာ ကျန်ရှိနေဆဲဖြစ်တယ်လို့ Funai အဖွဲ့က ပြောပါတယ်။ ရုပ်သံ - New York Post
3 years Ago
Up