အမေဇုန်

February 10, 2019

ဒေသခံများကန့်ကွက်မှုကြောင့် အမေဇုန် ကော်ပိုရေးရှင်း ရုံးချုပ်သစ် ပြောင်းရွှေ့ရန် စဉ်းစား

အမေဇုန် ကော်ပိုရေးရှင်းဟာ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် နယူးယောက် ရုံးချုပ်သစ် တစိတ်တဒေသကို နေရာပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ ၀ါရှန်တန်ပို့စ်က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဖော်ပြပါတယ်။ အမေဇုန် အမှုဆောင်တွေဟာ နယူးယောက်က အခြေအနေကို ပြန်သုံးသပ်ပြီး အစားထိုး နည်းလမ်းတွေကို စဉ်းစားဖို့ မကြာသေးခင်က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်က ဆိုပါတယ်။ အမေဇုန်ဟာ ဆီယက်တယ်ရုံးချုပ်ကနေ နယူးယောက်မြို့နဲ့ ၀ါရှင်တန်မြို့ပြင် နေရာမှာ ရုံးတွေ ဖွင့်လှစ်ပြီး အလုပ်အကိုင်ပေါင်း ၂၅,၀၀၀ ကျော် ဖန်တီးဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကြေညာခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလက်လီရောင်းချတဲ့ ကုမ္ပဏီကြီးဟာ နယူးယောက် လောင်းအိုင်လန် စီးတီးနဲ့ အာလင်တန်မှာ ရုံးအဆောက်အဦနှစ်ခု ဖွင့်လှစ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅ ဘီလျံ သုံးစွဲဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အလျင်အမြန် ပြောင်းလဲနေတဲ့ လောင်းအိုင်လန်စီးတီးနေ ဒေသခံတွေက အမေဇုန်ရဲ့ အစီအစဉ်ကို ကျယ်ကျယ်လောင်လောင် ကန့်ကွက်ခဲ့ပါတယ်။ အမေဇုန်ရဲ့ ရုံးအသစ်တွေနဲ့အတူ မြေအောက်ရထားဘူတာရုံ လူကြပ်တာတွေ၊ ရေဆိုးစနစ် အသုံးပြုမှု များလာတာနဲ့ အိမ်ငှားခ ကြီးးမြင့်တာတွေဖြစ်ပြီး ကာလ ရှည်နေလာတဲ့ ဒေသခံတွေ ပြောင်းပြေးမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။
3 years Ago

November 15, 2018

အမေဇုန်က နယူးယောက်နှင့် ဝါရှင်တန်ဒီစီတွင် ရုံးချုပ်အသစ်များ ဖွင့်လှစ်မည်

အွန်လိုင်းရှော့ပင်းကော်ပိုရေးရှင်း အမေဇုန်ဟာ နယူးယောက်နဲ့ ဝါရှင်တန်ဒီစီမှာ အမေရိကန်ဒေါ်လာ ၅ ဘီလျံ အကုန်ကျခံပြီး ရုံးချုပ်အသစ်တွေ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးနဲ့ နိုင်ငံရေးမြို့တော် နှစ်ခုမှာ ရုံးချုပ်သစ်တွေကို ဖွင့်လှစ်မှာဖြစ်တယ်လို့ အမေဇုန်ကော်ပိုရေးရှင်းက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အမေဇုန် ရုံးအဆောက်အဦဆိုင်ရာ ဒုဥက္ကဋ္ဌ ဂျွန်ရှပ်လာက “အမေဇုန်ရဲ့ ရုံးချုပ်သစ်တခုကို နယူးယောက်မြို့မှာ ဖွင့်လှစ်သွားမယ်လို့ ကျနော် အတည်ပြုပြောကြားပါတယ်။ အဲဒီအတွက် လာမယ့်ဆယ်စုနှစ်အတွင်း လစာမြင့်မားတဲ့ အလုပ်အကိုင်သစ် နှစ်သောင်းခွဲကျော်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နယူးယောက်မြို့တော်ဝန် အင်ဒရူးကွာမိုကလည်း “ဒါဟာ လုပ်ခဲ့ဖူးသမျှ ပြည်နယ်နဲ့ မြို့ထဲမှာ အကြီးဆုံး စီးပွားရေးတိုးတက်မှု အစီအစဉ် ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ရပ်ဖ်နော်သမ်ကလည်း “ဒါကြောင့် ဟောဒီ ဗာဂျီးနီးယား ဓနသဟာယပြည်နယ်မှာ အမေဇုန် ကော်ပိုရေးရှင်းရဲ့ နောက်ရုံးချုပ်တခု ဖွင့်လှစ်မယ်ဆိုတာကို ကျနော် ဂုဏ်ယူစွာနဲ့ ကြေညာပါတယ်။ အမေဇုန်ကော်ပိုရေးရှင်းဟာ အမေရိကန်ဒေါ်လာ နှစ်ဘီလျံခွဲနီးပါး အကုန်ကျခံပြီး အလုပ်အကိုင်သစ်ပေါင်း နှစ်သောင်းခွဲထက် မနည်း ဖန်တီးပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိ အမေဇုန် ကော်ပိုရေးရှင်း ရုံးချုပ်ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် ဆီယက်တယ်မြို့မှာ တည်ရှိပါတယ်။
3 years Ago
More News
Up