အပျော်ဇနီး

November 24, 2017

ကျမအသက် ၁၃ နှစ်မှာ လက်ထပ်ဖို့ ရောင်းချခံခဲ့ရတယ် - စွန့်ပစ်ခံ အပျော်ဇနီးမိန်းကလေး (ရုပ်သံ)

အိန္ဒိယနိုင်ငံက ဆင်းရဲတဲ့ မိသားစုတွေမှာ ငွေကြေးအတွက် ငယ်ရွယ်တဲ့ သမီးမိန်းမပျိုလေးတွေကို ချမ်းသာတဲ့ အာရပ်အမျိုးသားတွေနဲ့ လက်ထပ်ထိမ်းမြားတာမျိုး လုပ်ကြလေ့ရှိနေပါတယ်။ ဒါပေမယ့် ခုလိုမျိုး လက်ထပ်ထိမ်းမြားမှု အများစုမှာ အဲဒီမိန်းကလေးတွေဟာ မကြာခင်မှာပဲ ခင်ပွန်းရဲ့ စွန့်ပစ်ထားတာမျိုးတွေ ခံနေကြရတယ်လို့ ဆိုပါတယ်။ ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားတဲ့ ဒီသတင်းမှာတော့ စွန့်ပစ်ခံ အပျော်ဇနီးမယား တယောက်အဖြစ် နေထိုင်ခဲ့ရတဲ့ မိန်းကလေးတယောက်ရဲ့ ဖြစ်ရပ်မှန် အကြောင်းအရာတွေကို တင်ဆက်ထားခဲ့တာပါ။ “ကျမအသက် ၁၃ နှစ်မှာ အဖေက တခါမှ မရောက်ဘူးတဲ့ အဆောက်အအုံတခုဆီ ခေါ်သွားခဲ့တယ်။ အဲဒီမှာ လူကြီး ၃ ယောက် ရှိနေခဲ့ပြီး ကျမကို ကြည့်နေခဲ့ကြတယ်။ အဖေက ကျမကို သူတို့ ၃ ယောက်ထဲက တယောက်နဲ့ လက်ထပ်ရမယ်လို့ အဲဒီညနေက ပြောခဲ့တယ်။ ငွေကြေး ၃၈၅ ဒေါ်လာလောက် ပမာဏအတွက်ပေါ့။” လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အိန္ဒိယနိုင်ငံတောင်ပိုင်း မြို့တမြို့ဖြစ်တဲ့ ဟိုက်ဒရာဘတ်မြို့မှ မွတ်ဆလင်မိန်းကလေး ၄၈ ယောက်လောက်ဟာ အရှေ့အလယ်ပိုင်းဒေသမှ အသက်ကြီးကြီး အမျိုးသားတွေနဲ့ သူတို့ဟာ ငွေကြေးအတွက် လက်ထပ်ခဲ့ကြရတယ်လို့ ရဲတွေကို ပြောခဲ့ကြတာပါ။ ဒီအရေးကိစ္စတွေမှာ လှုပ်ရှားတက်ကြွသူတွေကတော့ မှတ်တမ်းတင် ဖော်ပြမထားခဲ့တဲ့ ခုလိုမျိုး အဖြစ်အပျက်တွေ အများကြီးရှိတယ်လို့ ပြောပါတယ်။ “စာပဲဆက်သင်ချင်တယ်လို့ ကျမက ငိုပြီး တောင်းပန်ခဲ့ပေမယ့် ဘယ်သူကမှ ကျမစကားကို နားမထောင်ခဲ့ကြပါဘူး။ ကျမအမေက ကျမကို သတို့သမီးဝတ်စုံ ဆင်ယင်ပေးခဲ့ပြီး ချက်ချင်းပဲ ကျမ လက်ထပ်ခဲ့ရပါတယ်။” သူလက်ထပ်ပြီးချိန်မှာပဲ ခင်ပွန်းဖြစ်သူ အမျိုးသားရဲ့ မျက်နှာကို မြင်လိုက်ရချိန်မှာ အသက်အလွန်အမင်း ကြီးနေတာကို သိလိုက်ရတယ်လို့ မိန်းကလေးက ပြောပါတယ်။ “ကျမအမျိုးသားရဲ့ အသက်က ၅၅ နှစ်ပါ။ အဲဒီညကစပြီး သူ ကျမကို ၃ ပတ်လောက် အဓမ္မပြုကျင့်ခဲ့တယ်။ သူက ကျမကို ဂျော်ဒန်ကိုခေါ်သွားပြီး သူ့ရဲ့ တခြားဇနီးတွေနဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်စေချင်ခဲ့တာပါ။ ကျမက ဒါကို ငြင်းဆန်ခဲ့တယ်။ ကျမအဖေက သူ့ကိုဖျောင်းဖျပြီး ကျမကို နောက်မှလိုက်လာခိုင်းမယ်လို့ ပြောပြီးနောက်မှ ကျန်တာတွေ ဘာမှဆက်ဖြစ်မလာတော့တာပါ။” သူဟာ အိမ်ထောင်ရှိတဲ့ မိန်းမတယောက် ဖြစ်နေခဲ့ပြီး ခင်ပွန်းဖြစ်သူ အမျိုးသားကတော့ ဘယ်မှာရှိနေမှန်း မသိရတော့ပါဘူး။ “ကျမမိဘတွေရဲ့ လှည့်ဖျားမှုနဲ့ ကျမ အသက်ကြီးကြီး အမျိုးသားတဦးနဲ့ လက်ထပ်ခဲ့ရတယ်။ ကျမ အရမ်းစိတ်ဆိုးဒေါသထွက်မိပြီး အကူအညီရှာဖွေခဲ့တယ်။ ကံကောင်းထောက်မစွာပဲ ဒါတွေဟာ ကျမရဲ့ အမှားမဟုတ်မှန်း သိခဲ့ရပါတယ်။” သူဟာ ငယ်စဉ်အချိန်တုန်းကတော့ သူနာပြုတယောက် ဖြစ်ချင်ခဲ့ပြီး ခုလို အဖြစ်အပျက်တွေ ကြုံလာခဲ့ပြီးနောက်မှာတော့ သူ့ရဲ့အနာဂတ်ဟာ ခိုးယူခံလိုက်ရပြီလို့ ခံစားနေခဲ့ရကြောင်း ဆိုပါတယ်။ အဲဒီနောက်မှာတော့ ဘဝသစ်ပြန်စဖို့ ကြိုးစားခဲ့ပြီးနောက် သူဟာ စာသင်ပေးတဲ့ ဆရာမတဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနိုင်ခဲ့ပါပြီ။ ခုချိန်မှာတော့ မိဘတွေကလည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့လို့ ပြန်လည်သင့်မြတ်ခဲ့ပြီး ဘဝကို ဆက်လျှောက်လှမ်းနေခဲ့ပြီလို့ သူက ပြောပါတယ်။ “မိဘတွေက သူတို့အမှားကို သူတို့သိကုန်ကြပါပြီ။ ဘာဖြစ်ဖြစ် ကျမ ခွင့်လွှတ်ရမှာပါ။ ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းကို သူတို့ မတွေးတတ်ခဲ့ပါဘူး။ သူတို့ဟာ ပညာဉာဏ်နည်းပါးကြတယ်လေ။” လက်ရှိမှာတော့ သူဟာ တခြားမိန်းကလေးတွေကိုလည်း သူ့လို မကြုံရစေဖို့ ပညာပေးတာတွေအပြင် ကျောင်းမှာ အင်္ဂလိပ်စာနဲ့ အူရ်ဒူဘာသာစကားတွေကို သင်ကြားပေးနေတယ်လို့ ပြောပါတယ်။ “ခုချိန်မှာတော့ ကျမမှာ စွမ်းအားတခုခု ရှိနေပြီလို့ ခံစားရပါတယ်။ ကျမ လွတ်လပ်စွာ နေထိုင်ရတာကို နှစ်သက်နေပါပြီ။”
4 years Ago
Up