အနောက်ဘက်ဒေသ

February 7, 2019

အနောက်ဘက်ဒေသ ပြန်လည်တည်ဆောက်ရေးမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုဖော်ဆောင်မလဲ

အနောက်တံခါးက တိုင်းရင်းသားတွေ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် အနောက်တံခါး မောင်တောမြို့ နံနက်ခင်းဟာ ဆောင်းနှင်းစက်တွေနဲ့ လှပသာယာနေပါတယ်။ မယူတောင်ခြေအစွန်းနား မြို့ရဲ့ တောင်ဘက်အစ ဝေသာလီနတလ ကျေးရွာကလေးဟာလည်း စိမ်းစိုလှပနေပါတယ်။ ဆောင်းမနက်ခင်းမှာ ဝေသာလီကျေးရွာကလေးရဲ့ ရွာထဲ လမ်းဘေးတနေရာမှာ အသက် ၂၉ နှစ်ကျော်အရွယ် အမျိုးသမီးလေးတဦးဟာ ခြံတခြံကို ငေးကြည့်ရင်း တိုးတိတ်ညင်သာစွာ ပြောပါတယ်။ "ဒီမှာနေရတာက အဆင်ပြေတယ်လို့ ပြောလို့မရပေမယ့် ကိုယ့်အိမ်နဲ့ကိုယ် လုံလုံခြုံခြုံနေရတော့ တဖက်ကလည်း စိတ်ချမ်းသာပါတယ်။ ဒါပေမယ့် ရေရှည်ရပ်တည်ဖို့ အတွက်ကျတော့ အဆင်မပြေပြန်ဘူး။ စီးပွားရေးလုပ်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေက ဘာမှမရှိဘူးလေ" လို့ မခိုင်ခိုင်ဇံက သူမတို့မိသားစုပိုင်ဖြစ်ခဲ့တဲ့ ခြံကွက်လေးကို ကြည့်ရင်းက ဆိုပါတယ်။ သူမကတော့ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်ခိုလှုံလာကာ ဝေသာလီနတလကျေးရွာမှာ နေထိုင်ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီ ဝေသာလီနတလကျေးရွာမှာ သူမတို့မိသားစုဟာ နှစ်ပေါင်း တဆယ်ကျော် နေထိုင်ခဲ့ပြီး ၂၀၁၂ ပဋိပက္ခဖြစ်စဉ်နောက်ပိုင်း စစ်တွေမြို့ရှိ ဆွေမျိုးတွေဆီ သွားရောက်နေထိုင်ခဲ့ပြီး ၂၀၁၆ အောက်တိုဘာတိုက်ခိုက်မှု နောက်ပိုင်း မောင်တောသို့ ပြန်လာနေထိုင်မှု မပြုရဲတော့ဘူးလို့ သူမက ဆိုပါတယ်။ ၂၀၁၇ သြဂုတ်လ ပဋိပက္ခဖြစ်စဉ်အလွန် ၂၀၁၈ သြဂုတ်လမှာ သူမတို့မိသားစု ပြန်လာခဲ့ရာ မြန်မာအစိုးရမှ ပေးထားတဲ့ သူမတို့မိသားစုပိုင် ခြံဝင်းအတွင်း တခြားသူများမှ မူလပိုင်ရှင်အား အသိမပေးဘဲ ဝင်ရောက်ဆောက်လုပ် နေထိုင်နေကြတာကို တွေ့ရပြီး တွေ့ဆုံဆွေးနွေးဖို့ အသိပေး ခေါ်ယူပေမယ့် လာရောက်ဆွေးနွေး ဖြေရှင်းမပေးသလို ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်ကလည်း သူမသိသလို သူ့အနေနဲ့လည်း ဘာမှလုပ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။ "အနောက်ဘက်ဒေသ ပြန်လည်တည်ဆောက်ရေးမှာ တိုင်းရင်းသားတွေအများကြီး ရှိနေသင့်သလို ဒီဒေသမှာ တိုင်းရင်းသားတွေ ပြန်ပြီး အခြေချ နေထိုင်သင့်တာမို့ ပြန်လာတာပါ။ ဒါပေမယ့် ကိုယ့်ပိုင်အိမ်နေရာကို တခြားသူတွေက ဝင်ရောက်နေတာကိုတောင် ဖြေရှင်းပေးမယ့်သူ မရှိသလို ဖြစ်နေပါတယ်" လို့ သူမတို့မိသားစုရဲ့ လက်ရှိအခြေအနေ အခက်အခဲတွေကို ပြောပြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အပိုဒ် ၃၅၆ မှာ "နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်" လို့ ဖော်ပြထားပါတယ်။ အနာတခြား ဆေးတခြားလား မောင်တောဒေသမှာ ၂၀၁၆ အောက်တိုဘာလ ဖြစ်စဉ်တွေနောက် အစိုးရအနေနှင့် နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေ ရယူမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေကြောင်း ပေါ်လွင်စေခဲ့ပြီး မောင်တောဒေသမှာ ဘင်္ဂါလီလူဦးရေ ပိုများနေခြင်း၊ ဘာသာစကား၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေက သတင်းအချက်အလက် ရရှိမှုကို အခက်တွေ့စေခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ မောင်တောဒေသရဲ့ သတင်းအချက်အလက်တွေ ရရှိရန် အစိုးရအုပ်ချုပ်ရေး အဖွဲ့အစည်းတွေက ဘင်္ဂါလီအသိုင်းအဝိုင်းထဲမှာ သတင်းစုံစမ်း ပေးပို့မယ့်သူတွေ ထားရှိခဲ့ပေမယ့် အစိုးရသတင်းပေးအဖြစ် ဘင်္ဂါလီအသိုင်းအဝိုင်းက သိထားသူတွေ သတ်ဖြတ်ခံခဲ့ရမှုတွေ ရှိခဲ့ပြီး သတင်းအချက်အလက် ရရှိမှုတွေ အဆင်မပြေခဲ့ဘူးလို့လည်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန်ယူခဲ့ဖူးသူ သူရစန်းလွင်က ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ "သူတို့ဘက်က လူမှုအသိုင်းအဝိုင်းထဲမှာလည်း နီးရာဓားကို ကြောက်နေရတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ ကျနော်တို့က သတင်းကွင်းဆက်လေးတွေ ပြတ်သွားတဲ့ အနေအထား ရှိပါတယ်" လို့ ဝန်ကြီးက အကြမ်းဖက်ဖြစ်စဉ်အပြီးမှာ ဆိုပါတယ်။ ဒါကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး (နတလ) က ကျေးရွာခုနစ်ရွာကို တိုးချဲ့ပြီး မြို့အဖြစ် သတ်မှတ်ထားတဲ့ ခမောင်းဆိပ်နဲ့ မြင်းလွှတ်ကို ဌာနဆိုင်ရာ ဖွဲ့စည်းပုံအပြည့် တိုးချဲ့မယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားခဲ့ပေမယ့် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ အစိုးရအဖွဲ့က ဝန်ခံထားပါတယ်။ မောင်တောဒေသမှာ စစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်က စတင်ကာ ဘဝသစ်စီမံကိန်းအဖြစ် မောရဝတီ၊ ဥဒေါင်း၊ ကိုင်းကြီး၊ သရေကုန်ဘောင်၊ ကင်းချောင်း၊ အောင်မင်္ဂလာ၊ လောင်းဒုံ အပါအဝင် နတလကျေးရွာတွေကို တည်ထောင်ခဲ့ပြီး နေအိမ်၊ ဆိုက္ကား၊ ထော်လာဂျီနှင့် လယ်ယာမြေတွေ ပေးအပ်ကာ လုပ်ကိုင်စားသောက်ရန် ဖန်တီးပေးခဲ့ပေမယ့်လည်း အဲဒီအစီအစဉ် မအောင်မြင်ခဲ့ဘူးလို့လည်း မောင်တော ဒေသခံတွေက ဆိုပါတယ်။ နောက်ပိုင်းမှာ ပြည်မဒေသက အိမ်ရာမဲ့တွေ၊ အလုပ်အကိုင်မဲ့တွေနဲ့ အကျဉ်းထောင်တွေက လွတ်မြောက်လာသူတွေကိုပါ ပို့ဆောင်နေရာချပေးခဲ့ချိန်မှာတော့ ဒေသခံမဟုတ်ခြင်း၊ ရရှိတဲ့ အထောက်အပံ့ ပစ္စည်းတွေနှင့် လုပ်ကိုင်စားသောက်လိုစိတ် အတတ်ပညာ အားနည်းခြင်း စတဲ့ အကြောင်းရင်းတွေက အဲဒီ ဘဝသစ်စီမံကိန်း မအောင်မြင်ခြင်း၊ နတလ ကျေးရွာတွေကနေ စွန့်ခွာပြန်သွားသူဦးရေ များပြားစေခဲ့တာလို့ မောင်တောဒေသခံ လူကြီးတွေက ဆိုပါတယ်။ မောင်တောဒေသမှာ ဘဝသစ်စီမံကိန်းအဖြစ် နတလကျေးရွာတွေ ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ မောင်တောမြို့မှ မြို့မိမြို့ဖတဦးဖြစ်သူ ဦးအောင်ကျော်ညွန့်က "အဓိကက အဲဒီရွာမှာ ရေရှည်နေချင်တဲ့လူ လိုပါမယ်။ သူတို့နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ လိုပါတယ်။ စားဝတ်နေရေးအတွက် ဝင်ငွေရှာဖို့ သူတို့နဲ့သင့်တော်တဲ့ အလုပ်မရှိရင် ပြန်ကြမှာပဲ" လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။ အဲဒီ နတလကျေးရွာတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လာရောက်ခိုလှုံလာတဲ့ ရခိုင်မျိုးနွယ်စုတွေကို စတင်နေရာချထားပေးခဲ့တဲ့ ကျေးရွာတချို့သာ တာရှည်ခံ အဆင်ပြေနေကြတယ်လို့လည်း မောင်တောဒေသခံတွေက ထောက်ပြကြပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ ပြည်သူပါဝင်မှု ၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မောင်တောဒေသက တိုင်းရင်းသား ငါးထောင်နီးပါး နေ့ရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပေမယ့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်မှာ လေးထောင်ကျော်လောက် နေရပ်ပြန်လာခဲ့ကြတယ်လို့ အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပိုင်နက်နယ်နိမိတ် မဆုံးရှုံးစေရန် ပြည်နယ်တွင်း ၁၇ မြို့နယ်မှ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုတွေကို စုစည်းပြီး ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ရခိုင်တိုင်းရင်းသားကျေးရွာများ ပိုမိုတည်ဆောက်ပေးသင့်ကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုထားပါတယ်။ အဲဒီအဆိုကို နိုဝင်ဘာ ၂၄ ရက်က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးမှာ ကျောက်ဖြူမဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က တင်သွင်းခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ "အဲဒီဒေသကို ရခိုင်တွေ ပြန်မသွားဘူးဆိုရင် ကျနော်တို့နယ်မြေတွေ ဆုံးရှုံးသွားတော့မယ်၊ ကိုယ့်နေရာ၊ ကိုယ့်ဒေသကို အရင်အတိုင်း ပြန်သွားရင် ဒုက္ခက ပိုကြီးသွားဦးမယ် ဆိုတဲ့အခါကျတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွက်လည်း အရေးကြီးသလို ကျနော်တို့ ဒေသခံတွေအတွက်လည်း တော်တော်အရေးကြီးတယ်။ ရခိုင်တွေအတွက် နယ်မြေဆုံးရှုံးသွားမယ့် အခြေအနေမျိုး ရှိတယ်။ အဲဒါကြောင့် ရခိုင်လူမျိုးတွေ အဲဒီနေရာကို အများကြီးပြန်ပို့ရဦးမယ်" လို့ ဦးကျော်လွင်က ဆိုပါတယ်။ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တွေမှာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ ရန်ပြုမှုကြောင့် တိုင်းရင်းသားကျေးရွာတွေမှာ ဒေသခံတွေ မနေရဲတော့ဘဲ တခြားဒေသတွေဆီ ပြောင်းရွှေ့နေထိုင်မှု များပြားလာတာကြောင့် တိုင်းရင်းသားကျေးရွာတွေကို စုစည်းတည်ဆောက်မပေးနိုင်ရင် နယ်မြေတခုလုံး ဆုံးရှုံးသွားနိုင်ကြောင်း လွှတ်တော်ကို တင်ပြခဲ့လို့ အဆိုရှင်က ဆိုပါတယ်။ ပြန်လည်နေရာချထားရေး မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်ပြီးစီးတဲ့ လူ ၃၀၀ ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြန်လည်ပေးပို့ပြီး ပထမအသုတ် ပြန်လည်လက်ခံရေး အစီအစဉ်ကို မကြာမီ စတင်နိုင်တော့မယ်လို့ အစိုးရဘက်က ဆိုပါတယ်။ ၂၀၁၇ သြဂုတ်လက မောင်တောဒေသရှိ လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးရောက်ရှိနေကြောင်း နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူခုနှစ်သိန်းနီးပါးကို ပြန်လည်စိစစ် လက်ခံနိုင်ရန် နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံက စီစဉ်နေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ တတိယအပတ်က စတင်ကာ ပြန်လည်လက်ခံရန် မြန်မာအစိုးရဘက်က စီစဉ်ခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အဆင်မပြေသေးတာကြောင့် အချိန်ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ကြန့်ကြာနေမှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ပေးပို့လာသော စာရင်းများမှာ နှစ်နိုင်ငံ မူလသဘောတူထားသည့်ပုံစံ မဟုတ်ဘဲ သီးခြားပုံစံ ဖြစ်နေခြင်းကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူ ဟုတ်မဟုတ် မသိနိုင်ခြင်း၊ လက်မှတ်/လက်ဗွေ မပါရှိခြင်း၊ ကိုင်ဆောင်ဖူးသော သက်သေခံကတ်ပြားအမှတ်များ မပါရှိခြင်း၊ မြန်မာပြည်တွင်း နေရပ်လိပ်စာ ဖော်ပြထားမှုမရှိခြင်း၊ ဓာတ်ပုံအရည်အသွေး မပြည့်မီမှုကြောင့် တိုက်ဆိုင်စစ်ဆေး မရနိုင်ခြင်း စတဲ့အချက်တွေ ပါဝင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီ စိစစ်ပြီးသူတွေကို ပြန်လည်လက်ခံဖို့ တောင်ပြိုလက်ဝဲ၊ ငါးခူရနဲ့ လှဖိုးခေါင်ကြားစခန်းတွေကို ပြန်လည်လက်ခံရေးစခန်းတွေအဖြစ် UEHRD ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က တည်ဆောက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း (UEHRD) ဦးဆောင်ပြီး ပြန်လည်စိစစ်လက်ခံရေးစခန်း ၃ ခု ဖွင့်လှစ်ကာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကစတင်ပြီး တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို  ပြန်လည်နေရာချထားနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်နေပါတယ်။ မောင်တောမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အနောက်ဘက်ရှိ တန်းလျားမှာ ခမောင်းဆိပ်၊ တမန်းသားကြိမ်ချောင်း၊ သစ်တုံးနားခွဆုံ၊ အင်းဒင်၊ ကိုးတန်ကောက်၊ ကျောက်ပန်းတူ၊ ရွှေဇား၊ လေးမိုင်၊ ရပ်ကွက် ၄၊ လေးမိုင်နဲ့ လသာကျေးရွာတွေက ဟိန္ဒူဘာသာဝင် အိမ်ထောင်စု ၁၅၅ စု၊ လူဦးရေ ၅၆၁ ဦးဟာ ၂၀၁၇ ခုနှစ် သြဂုတ်ပဋိပက္ခနောက်ပိုင်း သူတို့ရဲ့ မူလကျေးရွာတွေမှာ မနေထိုင်ရဲလို့ နေရပ်စွန်ခွာလာခဲ့သူတွေကို အစိုးရက ယာယီနေရာချထားပေးထားတာ ဖြစ်ပါတယ်။ မောင်တောမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အနောက်ရှိ ယာယီ နေရာချထားတဲ့ တန်းလျားမှာ နေထိုင်နေသူ မောင်တောလေးမိုင်ရပ်ကွက်မှ နေရပ်စွန့်ခွာ ဟိန္ဒူဘာသာဝင် မဆူရတီက “အစိုးရက အိမ်ဆောက်ပေးမယ်လို့ ပြောပေမယ့် ခုထိတော့ ဘယ်နေရာကို ပြောင်းရမလဲဆိုတာ မသိပါ။ ခု ဒီမှာက ကလေးတွေကို ခြင်ကိုက်တယ်။ ခြင်ထောင်ရှိရင်လည်း ခြင်ထောင်အောက်က ခြင်ဝင်ကိုက်တယ်။ စားဖို့သောက်ဖို့လည်း အခက်အခဲရှိပါတယ်။ ဆေးခန်းပြဖို့လည်း ငွေမရှိတော့ အခက်အခဲရှိပါတယ်။ အစိုးရအနေနဲ့ အလုပ်တွေပေးပြီး ဝင်ငွေရအောင် လုပ်ပေးစေချင်ပါတယ်" လို့ သူမရဲ့ကလေးငယ်ကို ချီရင်းက ဆိုပါတယ်။ မောင်တောဒေသက ဟိန္ဒူဘာသာဝင်တွေကို ပြန်လည်နေရာချထားနိုင်ရေးအတွက် အိုးထိန်း၊ မြို့မအရှေ့၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦးနဲ့ လေးမိုင်၊ သစ်တုံးနားခွဆုံ (မြို) ရွာ၊ ခုံတိုင် (မြို) ရွာ၊ ဇော်မတက်အုပ်စု၊ ပဒကားရွာသစ်၊ အောင်စစ်ပြင်အုပ်စု တောင်ပြိုကားလမ်းဘေး၊ ဖော်တီတောင် (မာရမာ) မူလကျေးရွာ၊ နံသာတောင်(ရခိုင်) မူလကျေးရွာ၊ သက်တိုင်ညာ (သက်) မူလကျေးရွာ၊ အောင်သပြေရွာ၊ အောက်ပြူးမနှင့် ခမောင်းဆိပ်မြို့ အနီးမှာတော့ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနဲ့ စေတီတွေကို ဒေသခံတိုင်းရင်းသားတွေအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တပ်မတော်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ အလှူရှင်တွေက တည်ဆောက်ပေးနေတယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြန်လည်လက်ခံရေး အဆင်ပြေစေဖို့ ပထမအသုတ် စိစစ်ပြီးသူတွေကို တောင်ပြိုလက်ဝဲ သို့မဟုတ် ငါးခူရ စိစစ်လက်ခံရေး စခန်းတွေကတဆင့် လှဖိုးခေါင်ကြားစခန်းမှာ ခေတ္တနေထိုင်စေပြီးနောက် မူလနေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ မြန်မာအစိုးရက ပြင်ဆင်ထားတယ်လို့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။ အဲဒီ ပြန်ဝင်လာမယ့်သူတွေကို လှဖိုးခေါင်ကြားစခန်းမှာ ယာယီနေထိုင်စေပြီး သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ မြန်မာအစိုးရက ပြင်ဆင်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။ “အခု ကျနော်တို့က အခုစာရင်းမှာ ပါတဲ့သူတွေကို ဘယ်ရွာကလဲ၊ အိမ်တွေရှိသေးလား စိစစ်ကြည့်နေပါတယ်။ အိမ်မရှိရင် ပြန်ဆောက်ဖို့ Village Plan တွေ လုပ်နေတဲ့ထဲမှာ စိစစ်ကြည့်ဖို့ လုပ်မှာပါ။ အဲမှာ အိမ်ဆောက်တာမှာ Cash for work အနေနဲ့ ဆောက်တဲ့နေရာမှာ လုပ်အားပေး။ လုပ်ခပြန်ပေးမယ့် အစီအစဉ်မှာ ပါဝင်လုပ်ကိုင်နိုင်တယ်။ နေ့စားခရမယ်ပေါ့။ သူတို့ ကြားစခန်းမှာ တလထက် ပိုမကြာပါဘူး။ သူတို့စိတ်ကြိုက် အိမ်ဆောက်နိုင်ဖို့ စီစဉ်ပေးမယ်ပေါ့။ အဲလူတွေက ကြားစခန်းမှာ မနေချင်ဘူး။ ဆောက်တဲ့နားနေချင်လည်း ဆောက်တဲ့နေရာနား တန်းထိုးပေးပြီး နေလို့ရအောင် စီစဉ်ပေးမှာပါ” လို့ ဝန်ကြီးက ဆိုပါတယ်။ "ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အတည်း (Development Crisis) ကို ရင်ဆိုင်နေရပါသည်။ ပြည်နယ်အတွင်းရှိ လူမှုအသိုင်းအဝိုင်း အားလုံးအနေဖြင့် ကာလရှည်ကြာစွာ ဖြစ်တည်နေသော ဆင်းရဲနွမ်းပါးမှု၏ဒဏ်ကို ခံစားနေကြရပြီး တနိုင်ငံလုံး အတိုင်းအတာနှင့် နှိုင်းယှဉ်ပါက ပြည်နယ်အတွင်းရှိ နေရာဒေသ အားလုံးနီးပါးသည် ကဏ္ဍအသီးသီး၌ နောက်ကျကျန်နေခဲ့ပါသည်။ ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော ပဋိပက္ခ၊ ခိုင်မာမှုမရှိသော မြေယာပိုင်ဆိုင် လုပ်ပိုင်ခွင့်နှင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်မည့် အခွင့်အလမ်းကင်းမဲ့မှုများသည် ပြည်နယ်၏ ပြင်ပနေရာဒေသများသို့ ရွှေ့ပြောင်းသွားသည့် ပမာဏကို မြင့်မားစေခြင်း၊ ပြည်နယ်အတွင်း လုပ်သားအင်အား လျော့နည်းသွားစေခြင်းနှင့် ဖွံ့ဖြိုးမှုနှင့် စီးပွားရေး တိုးတက်မှု အလားအလာကောင်းများကို လျော့ပါးသွားစေခြင်း စသည့်ရလဒ်များကို ဖြစ်ပေါ်လာစေပါသည်။ မွတ်ဆလင်များ၏ ခရီးသွားလာမှုအပေါ် ကန့်သတ်ချက်များ ထားရှိထားခြင်းကလည်း ပြည်နယ်၏ စီးပွားရေးကို ထိခိုက်နစ်နာစေပါသည်။ နှစ်ဖက်လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေး တိုးတက်လာစေရန် ဆောင်ရွက်မှု မပြုနိုင်ခြင်း၊ မွတ်ဆလင် လူ့အဖွဲ့အစည်းအား သီးသန့် ခွဲထားခြင်းနှင့် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေရန် တအုံနွေးနွေး ခြိမ်းခြောက်မှု ရှိနေခြင်းတို့သည် ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမှုကို အဟန့်အတား ဖြစ်စေပါသည်။" လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နေ့စဉ် လူမှုဘဝ အဆင်ပြေနေမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူ ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ရဲ့ အဓိကလုပ်ငန်းစဉ်ကြီး ၃ ခုမှာ ရခိုင်ပြည်နယ်အတွင်း (၁) လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး။ (၂)  ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး။ (၃) ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး စတဲ့အချက်တွေကို အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။ ဘူးသီးတောင်မြို့နယ်၊ လက်ပံကိုင်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ မြိုလူမျိုးတဦးဖြစ်တဲ့ ကိုရေဝိုင်းကတော့ သူတို့ရဲ့ ဇာတိကျေးရွာသို့ မပြန်တော့ဘဲ မောင်တောမှာသာ အခြေချနေထိုင်တော့မယ်လို့ ဆိုပါတယ်။ "ကျနော်တို့ရွာကိုတော့ မပြန်တော့ဘူး။ ဒီမှာက ကျေန်ာတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ မကိုက်ညီရင်လည်း ကြုံရာအလုပ် လုပ်ပြီးတော့ ဒီမှာပဲ အတည်တကျ နေတော့မယ်လို့ စိတ်ကူးထားပါတယ်။ ဟိုမှာက လုံခြုံရေး စိတ်မချရပါဘူး" လို့ သူက ဆိုပါတယ်။ မောင်တောဒေသ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး စတဲ့အချက်တွေ အဆင်ပြေစွာ အကောင်အထည်ဖော်နိုင်ဖို့ ဒေသနေပြည်သူတွေရဲ့ လုပ်ငန်းခွင်လုံခြုံရေး၊ လူမှုဘဝ ပြေလည်ရေးကိုလည်း အစိုးရအနေနှင့် အလေးထား ဆောင်ရွက်ပေးသင့်တယ်လို့ မောင်တောဒေသနေ ပြည်သူတွေက ဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင် ပြန်ဝင်မယ့်သူတွေအတွက် ဘဝရပ်တည်ရေး၊ လုပ်ငန်းခွင်လုံခြုံရေးနဲ့ အပါအဝင် ဥပဒေအရ အကာကွယ်ပေးဖို့လည်း လိုအပ်တယ်လို့ မောင်တောမြို့နယ် အီတာလျာကျေးရွာနေ မာမတ်အီစ္စမိုင်လ်က ဆိုပါတယ်။ “ဒီဘက်ကလူတွေ အများအားဖြင့်က လယ်သမားတွေများတယ်။ လယ်ယာစိုက်ပျိုးရေး လုပ်ပြီးတော့ မိသားစုဘဝ ရပ်တည်နေရတဲ့သူတွေ များတယ်။ အရင်လို ကျွဲနွားတွေလည်း သူတို့မှာ မကျန်တော့ဘူး။ သူတို့ပြန်လာပြီးတော့ ဘာလုပ်မလဲပေါ့။ သူတို့ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်တွေလည်း အစိုးရကနေ စီစဉ်ပေးသင့်တယ်” လို့ သူကဆိုပါတယ်။ မောင်တောဒေသရှိ တိုင်းရင်းသားကျေးရွာတွေက ဒေသခံတချို့ဟာ သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း တခြားဒေသတွေဆီ ထွက်ခွာသွားကြပြီး ပြန်မလာသူတွေလည်း ရှိနေကြောင်း မောင်တောခရိုင် လွှတ်တော်ကိုယ်စားလှယ်တချို့က ဆိုပါတယ်။ "ဒီနယ်မြေမှာ ဒေသခံတွေ အဆင်ပြေတည်ငြိမ်စွာ နေနိုင်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေဖို့ လိုပါတယ်။ ဒေသခံတွေအတွက် အလုပ်အကိုင်မရှိတော့ နေ့စဉ်ဘဝ စားဝတ်နေရေးက အဆင်မပြေတော့ဘူးလေ။ ကြာတော့ အဆင်ပြေမယ့်နေရာကို ထွက်သွားကြတာပေါ့" လို့ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာမှ အဝေးသင်တက္ကသိုလ် ကျောင်းသားတဦးဖြစ်တဲ့ ကိုလှဖြူကြီးက ဆိုပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာ "အလုပ်သမားဈေးကွက်နှင့် သက်ဆိုင်သည့် လေ့လာဆန်းစစ်မှုများ (Labour Market Assessment-LMA) ပြုလုပ်သွားနိုင်ရေး ILO နှင့် ညှိနှိုင်းထားရှိပြီး စီမံဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ LMA ပြုလုပ်ရန် စီမံဆဲကာလတွင် အမျိုးသမီးများနှင့် သက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင် ရရှိရေးအတွက် သင်တန်း ၂၂ မျိုးတွင် သင်တန်းသား စုစုပေါင်း ၂၁၆၀ တက်ရောက်နိုင်ခဲ့ပါသည်" လို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ "ဒီနယ်မြေ ဒီဒေသမှာ ဒေသခံတိုင်းရင်းသားတွေ ရေရှည်နေနိုင်အောင် အစိုးရအနေနဲ့ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို အလေးထား ဆောင်ရွက်ပေးစေချင်ပါတယ်။ နောက်တခုက တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကိုလည်း အလေးထား ဖော်ဆောင်ပေးစေချင်ပါတယ်။ တကယ်လိုအပ်နေတာတွေက အလုပ်အကိုင် အခွင့်အလမ်းတွေပါ" လို့ မခိုင်ခိုင်ဇံက သက်ပြင်းပူတွေကို မှုတ်ထုတ်ရင်းက ဆိုပါတယ်။ "အသက်မွေဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဝင်ငွေရရှိနိုင်သည့် လုပ်ငန်းစဉ်များ IDP စခန်းအတွင်း ဖန်တီးပေးခြင်းနှင့် IDP စခန်းပြင်ပတွင် အလုပ်အကိုင်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် အမျိုးသားနှင့် အမျိုးသမီး IDP များ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်ပေးရမည်။ ထိုသို့ ဆောင်ရွက်ပေးမှုကြောင့် IDP များအနေဖြင့်လည်း နိုင်ငံတကာ အကူအညီအပေါ် မှီခိုရမှုများ လျော့နည်းလာမည် ဖြစ်ပါသည်" လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။      ။ ကောင်းမြတ်နိုင် (မောင်တော)
3 years Ago
Up