အဆောင်သက်သေပြ

July 7, 2018

သေနတ်ပြီးအဆောင်ကို သက်သေပြသည့် ဆေးဆရာ သေနတ်ထိမှန်သေဆုံး

အဆောင်တွေကို ဝတ်ဆင်ခြင်းက သေနတ်ပြီးကြောင်းကို ပြသတဲ့ နိုင်ဂျီးရီးယား ဗိန္နောဆရာတဦးဟာ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ Ladbible သတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူ ဆေးဆရာဟာ အသက် ၂၆ နှစ်အရွယ်ချီနာကာ အဒိုးဇူဝီဆိုသူဖြစ်ပြီး သူဟာ သူ့ဆီက အဆောင်ဝယ်မယ့်ဖောက်သည်တဦးကို သက်သေပြဖို့ ကြိုးစားရင်းနဲ့ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးသူဟာ သူ့အဆောင်ကို လည်ပင်းမှာဆွဲရုံနဲ့ သေနတ်ပြီးကြောင်း ဖောက်သည်ကို ပြောဆိုခဲ့ပြီး သူကိုယ်တိုင်အဆောင်ကို လည်ပင်းမှာစွပ်ပြကာ ဖောက်သည်ကို သေနတ်နဲ့ ပစ်စေခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့အဆောင်တွေက လက်တွေ့အလုပ်လုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒ့ါကြောင့် သေနတ်နဲ့ပစ်ခဲ့တဲ့ ဖောက်သည်ဟာ လက်ရှိအချိန်မှာ လူသတ်မှုနဲ့ သံသယဖြစ်ခံရတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ အိုင်မိုပြည်နယ်မှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ဗိန္နောဆရာအချို့ဟာ အဆောင်တွေမှာ ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိတယ်လို့ ယုံကြည်ထားကြပြီး အဲ့ဒီအစွမ်းသတ္တိဟာ ဖျားနာမှုတွေနဲ့ နာကျင်မှုတွေကို ကုသနိုင်တယ်လို့လည်း အယူရှိကြပါတယ်။ သေဆုံးသူ ဆေးဆရာဟာ သူ့ကိုသေနတ်နဲ့ပစ်ခဲ့တဲ့ ဖောက်သည်ရဲ့ တောင်းဆိုမှုကြောင့် ဒီအဆောင်ကို လုပ်ခဲ့တာလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ “အဆောင်ရဲ့အစွမ်းကို သက်သေပြဖို့ သူကိုယ်တိုင်သေနတ်နဲ့ ပစ်ခိုင်းခဲ့တာပါ” လို့ ဒီဖြစ်ရပ်ကို မျက်မြင်မြင်တွေ့ခဲ့သူတဦးက ပြောပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ ဒီလိုအဆောင်လက်ဖွဲ့တွေရဲ့အစွမ်းကို သက်သေပြဖို့ ကြိုးစားရင်းနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်ကလည်း ဆေးဆရာတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
3 years Ago
Up