ကမ္ဘောဒီးယားနိုင်ငံမှာ ဆောက်လက်စ အဆောက်အဦ ပြိုကျလို့ သေဆုံးသူဦးရေဟာ ဇွန်လ ၂၄ ရက်မှာ ၂၄ ယောက်ထိ မြင့်တက်ခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အဆောက်အဦ ပြိုကျတဲ့နေရာကို ဇွန်လ ၂၃ ရက်က လာကြည့်ခဲ့ပါတယ်။
မြို့တော် ဖနွမ်းပင်အနောက်ဘက် သီဟာနုဗေလီ ကမ်းရိုးတန်းမြို့ထဲမှာ ဇွန်လ ၂၂ ရက် အစောပိုင်းက တရုတ်ပိုင် စီမံကိန်းအတွင်း ဆောက်လက်စ ၇ ထပ် အဆောက်အဦတလုံး ပြိုကျခဲ့ပါတယ်။ လုပ်သားတွေနဲ့ ဝန်ထမ်းမိသားစုဝင်တွေ အိပ်ပျော်နေတုန်း ပြိုကျခဲ့တာပါ။
ပရီယာ သီဟာနုခရိုင်ရဲ့ မြို့တော် သီဟာနုဗေလီမှာ လတ်တလောနှစ်တွေအတွင်း အထူးသဖြင့် လောင်းကစားရုံတွေ အိမ်ယာလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်း နယ်ပယ်တွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဒလဟော ဝင်ခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်းနဲ့ တရုတ် အထူးစီးပွားရေးဇုန်တို့ဟာ တရုတ်အစိုးရရဲ့ ပိုးလမ်းနှစ်သွယ် စီမံကိန်းနဲ့ ချိတ်ဆက်ထားပါတယ်။
ဒါကြောင့် ဒီမြို့မှာ တရုတ်ခရီးသည်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အုပ်စုလိုက်တိုးနေလို့ ဆောက်လုပ်ရေးလုပ်ငန်းကလည်း ထွန်းကားနေတာပါ။
တိုက်ပြိုကျမှုနဲ့ပတ်သက်ပြီး စစ်မေးဖို့ ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်သူ ၃ ယောက် အပါအဝင် လူ ၄ ယောက်ကို ရဲက ဖမ်းထားတယ်လို့ ခရိုင်ရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
4 years Ago