အဆောက်အဦ

June 23, 2019

ကမ္ဘောဒီးယားတွင် ဆောက်လက်စ အဆောက်အဦပြိုကျ၊ ၁၈ ဦးသေဆုံး

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်ပင်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းက သီဟာနုဗေလီမှာ ၇ ထပ် ဆောက်လက်စ အဆောက်အဦတလုံး ပြိုကျခဲ့လို့ သေဆုံးသူ ၁၈ ယောက် ရှိသွားပြီဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဇွန် ၂၃ ရက်က ဆက်လုပ်နေပါတယ်။ ဇွန် ၂၂ ရက်က အဆောက်အဦ ပြိုကျလို့ သေဆုံးသူဦးရေ ၁၈ ယောက်နဲ့ ၂၄ ယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ပြိုကျတဲ့နေရာမှာ အပျက်အစီး ၄၀ ရာခိုင်နှုန်းကို ရှင်းပြီးပြီလို့ ခရိုင်အရာရှိတွေက ဇွန် ၂၃ ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ နောက်ထပ် လူဘယ်နှယောက် ပျောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပရီယာသီဟာနုခရိုင်ရဲ့ မြိုတော် သီဟာနုဗေလီမှာ လတ်တလော နှစ်တွေအတွင်း အထူးသဖြင့် လောင်းကစားရုံတွေ၊ အိမ်ရာလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်း နယ်ပယ်တွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဒလဟော ဝင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြီးဆုံးဆိပ်ကမ်းနဲ့ တရုတ်အထူး စီးပွားရေးဇုန်တို့ဟာ တရုတ်အစိုးရရဲ့ ပိုးလမ်း ၂ သွယ် စီမံကိန်းနဲ့ ချိတ်ဆက်ထားပါတယ်။ ဒါကြောင့် ဒီမြို့မှာ တရုတ်ခရီးသည်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အုပ်လိုက်တိုးနေလို့ ဆောက်လုပ်ရေး လုပ်ငန်းကလည်း ထွန်းကားနေတာပါ။ တိုက်ပြိုကျမှုနဲ့ ပတ်သက်ပြီး စစ်မေးဖို့ ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်သူ ၃ ယောက် အပါအဝင် လူ ၄ ယောက်ကို ရဲက ဖမ်းထားတယ်လို့ ခရိုင်ရုံးက ကြေညာချက် ထုတ်ပြန်ထား ပါတယ်။
2 years Ago

May 1, 2019

အဆောက်အဦများကို ပြင်ဆင်ထိန်းသိမ်းနိုင်မည့် ဒရုန်းယာဉ် တည်ဆောက်နေ (ရုပ်သံ)

အနာဂတ်ကာလမှာ အဆောက်အဦတွေကို ပြင်ဆင်ထိန်းသိမ်းနိုင်မယ့် ဒရုန်းယာဉ်တွေကို ဗြိတိန်နဲ့ ဆွစ်ဇာလန် ပညာရှင်တွေ တည်ဆောက်နေကြပါတယ်။ ကွန်ပျူတာမြင်ကွင်း နည်းပညာကို အသုံးပြု၊ ပတ်ဝန်းကျင်ကို 3D မြေပုံ ပုံဖော်ပြီး အဲဒီဒရုန်းယာဉ်တွေဟာ လူသားတယောက်လို မြင်နိုင်စွမ်း ရှိလာမှာပါ။ ပြင်ဆင်ရမယ့်နေရာကို တွေ့တာနဲ့ ဒီဒရုန်းယာဉ်တွေဟာ တခြားဒရုန်းယာဉ်တွေကို ဆင့်ခေါ်ပြီး ပြင်ဆင်ခိုင်းနိုင်ပါတယ်။ အနာဂတ်ကာလမှာ ပျော့ပြောင်းပြီး အလိုက်သင့် အလုပ်လုပ်နိုင်တဲ့ ဒရုန်းယာဉ်တွေဟာ လူသားတွေအတွက် အန္တရာယ်ရှိတဲ့ ဥမင်တွေ၊ သတ္တုတွင်းတွေနဲ့ ပိုက်လိုင်းတွေလို နေရာတွေဆီ သွားရောက်နိုင်ပါတယ်။ “ဥပမာ ဒီနေ့ဆိုရင် ငြမ်းဆောက်ပြီး ဒါမှမဟုတ် ရဟတ်ယာဉ်သုံးပြီး လုပ်ရတဲ့ အကဲဖြတ် လုပ်ငန်းအမျိုးမျိုးကို ဒီဒရုန်းယာဉ်နဲ့ လုပ်နိုင်တဲ့ အလားအလာရှိတယ်။ တကယ်မေးရမှာက အဲဒီ ရိုဘော့စနစ်တွေကို သုံးပြီး အလုပ်တွေကို ပိုမြန်ဆန်အောင် ဘယ်လိုလုပ်နိုင်မလဲ ဆိုတာပါပဲ။ ပိုပြီး အလိုက်သင့် ပြောင်းလဲတဲ့ နည်းလမ်းနဲ့ပေါ့။ အဲဒါဆိုရင် ရဟတ်ယာဉ်တို့၊ ငြမ်းတို့ သုံးရမယ့် စရိတ်တွေ၊ အဲဒီလို ဆောင်ရွက်လို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ဒရုန်းယာဉ်ကို အသုံးပြုနိုင်ပါတယ်။ ဒီတော့ ကျနော်တို့အနေနဲ့ ပင့်ကူနဲ့တူတဲ့ ရိုဘော့ကို တည်ဆောက်စရာ မလိုအပ်ပါဘူး။ ပင့်ကူတွေ ဘယ်လိုမျိုး ကုန်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်လဲ ဆိုတာကိုပဲ လေ့လာနိုင်ပါတယ်။ ဒီနေ့ ကျနော်တို့ ပြောင်းလဲလိုက်တာ အဲဒါပါပဲ” လို့ ဝေဟင် ရိုဘော့တစ် စမ်းသပ်ခန်း ညွှန်မှူး ဒေါက်တာ မီကို ကိုဗက်က ပြောပါတယ်။ လန်ဒန်မြို့ Aerial Robotics Lab မှာ ပြုလုပ်တဲ့ သရုပ်ပြပွဲမှာ သံလိုက်ကို အသုံးပြုပြီး သတ္တုလျှောက်လမ်းကို တွယ်ကပ်တဲ့ ဒရုန်းယာဉ်တွေရဲ့ တိုးတက်မှုတွေကို ပြသခဲ့ပါတယ်။ အဲဒီနောက် ဒရုန်းယာဉ်ဟာ ဝါယာကြိုးအသုံးပြုပြီး တွဲလောင်း ခိုဆင်းခဲ့ပါတယ်။ အရာဝတ္ထုသိပ္ပံပညာရှင်တွေနဲ့ ရိုဘော့တစ်ကျွမ်းကျင်သူတွေက ဒရုန်းယာဉ်တွေကို  အနာဂတ်မြို့တွေရဲ့ အဓိက အစိတ်အပိုင်းအဖြစ် အဆောက်အဦတွေမှာ အမြဲနေထိုင်သူတွေ ဆိုပြီး စိတ်ကူးမြင်ယောင်နေပါတယ်။
2 years Ago
More News
Up