အဆောက်အအုံ

April 6, 2019

ရန်ကုန်မြို့ အဆောက်အအုံများ သုံးနှစ်တကြိမ် ဆေးသုတ်ရန်လိုဟု ၀န်ကြီးချုပ်ပြော

မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်မြို့က အဆောက်အအုံတွေကို ၃ နှစ် တကြိမ်လောက် ဆေးသုတ်ဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာ ဒီနေ့ပြုလုပ်တဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ တည်ထောင်မှုလုပ်ငန်း လိုင်စင် ပေးအပ်ပွဲ အခမ်းအနားမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသွားတာပါ။ “ရန်ကုန်မြို့မှာရှိတဲ့ အဆောက်ဦတွေ အတော်များများဟာ တဦးတယောက်ချင်းစီက အခန်းတခန်းစီ ပိုင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် အဆောက်ဦတွေကို ကြည့်လိုက်မယ်ဆိုရင် စတင်တည်ထောင်ပြီး ဆေးတခါသုတ်ပြီးတဲ့အချိန်ကနေ နောက်ထပ် ဆေးထပ်သုတ်နိုင်မယ့် အခြေအနေမျိုး မရှိတော့ပါဘူး။ ကိုယ့်အခန်းကိုယ် သုတ်တဲ့အတွက်လည်း အရောင်တွေက မျိုးစုံဖြစ်လာတဲ့အခြေအနေမျိုးတွေ ရှိပါတယ်။ ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာလည်း စုပေါင်းဆောင်ရွက်နိုင်တဲ့အခြေအနေမျိုး မရှိတဲ့အတွက် တဦးတယောက်ချင်း စီကနေ ကိုယ့်ဟာကိုယ် ပြုပြင်တည်ဆောက်နေကြရတဲ့ အခြေအနေမျိုး ရှိလာနေပါတယ်။ ရန်ကုန်မြို့ကို သုံးနှစ်တကြိမ်လောက် ဆေးသုတ်ဖို့ လိုအပ်ပါတယ်။” တခြားနိုင်ငံတွေမှာလည်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုလိုမျိုး ဆောင်ရွက်ကြတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် နောက်ပိုင်းမှာ တိုက်ခန်းတွေ ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး Apartment Law ပြဋ္ဌာန်းဖို့ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
2 years Ago

May 11, 2018

နယ်နိမိတ်မျဉ်းအနီး အဆောက်အအုံ မဆောက်ရန် ဘင်္ဂလားဒေ့ရှ်ကို မြန်မာ ကန့်ကွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ဖို့ တားမြစ်ထားတဲ့ ဇုန်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က အဆောက်အအုံ ဆောက်လာလို့ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တရားဝင် ကန့်ကွက်လိုက်ပါတယ်။ မေလ ၉ ရက်က နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မန်ဂျူရူလ် ခရမ်ခန် ချောင်ဒဟူရီတို့ တွေ့ဆုံမှုအတွင်း ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီး ဦးကျော်တင်က “ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ အဆောက်အအုံအချို့နဲ့ ဘန်ကာတွေ ဆောက်လုပ်ထားတဲ့အပေါ် တရားဝင် ကန့်ကွက်တယ်၊ ဒီလို ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေဟာ နှစ်နိုင်ငံအကြား ချုပ်ဆိုထားတဲ့ နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ဖောက်ဖျက်ရာ ရောက်တဲ့အတွက် ဖယ်ရှားပေးပါ”လို့  ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် တားမြစ်ထားတဲ့ ဇုန်အတွင်းမှာ နေအိမ်၊ အဆောက်အအုံတွေ ဆောက်လုပ်နေရတာကို  ဘင်္ဂလားဒေ့ရှ်ဘက်က ပံ့ပိုးပေးနေတာတွေကို ရပ်ဆိုင်းပေးဖို့ လည်း ဝန်ကြီးက ပြောခဲ့တယ်။ အဲဒီဇုန်အတွင်းမှာ တရားမဝင် နေထိုင်နေတဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်ထွက်ခွာဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း သံအမတ်ကြီးကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြသူတွေကို မိုးမကျမီ ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်နေပြီလို့ မြန်မာဘက်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာဘက်က စာရင်းပေးပို့ထားတဲ့ ရခိုင်ပြည်နယ်တွင်း နေထိုင်ကြတဲ့ ဟိန္ဒူနဲ့ မူဆလင် ၁၂၀၀ ဦးကို  ပြန်လည်ပို့ဆောင်ဖို့နဲ့ မြန်မာဘက်က စိစစ်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပေးပို့ထားတဲ့ စာရင်းပါ လူ ၉၂၉ ဦးတို့ကို ပြန်လည်ပို့ဆောင်ဖို့ အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က အလျင်အမြန် ပူးပေါင်းလုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။
3 years Ago
Up