အဆောက်အအုံများ

December 26, 2018

ရန်ကုန်ရှိ အဆောက်အအုံများ၌ မသန်စွမ်းသူများ လက်လှမ်းမီသုံးနိုင်အောင် စီမံထားရန် တင်ပြ

ရန်ကုန်မြို့ရှိ အဆောက်အအုံတွေမှာ မသန်စွမ်းသူတွေ လက်လှမ်းမီ အသုံးပြုနိုင်အောင် စီစဉ်ထားဖို့ တိုင်းဒေသကြီးအစိုးရထံ တင်ပြဖို့ရှိတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့က ပြောပါတယ်။ ရန်ကုန်တိုင်းအစိုးရနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်မြို့တော်ကို မသန်စွမ်းသူတွေ လက်လှမ်းမီ အသုံးပြုနိုင်တဲ့မြို့ဖြစ်အောင် ထည့်သွင်း စီမံဆောင်ရွက်ဖို့ ဆွေးနွေးထားပြီးဖြစ်သလို ဒါနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို နှစ်ပတ်အတွင်း တင်ပြမယ်လို့ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာက ပြောပါတယ်။ မြန်မာနိုင်ငံဟာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ အလားအလာကောင်းတွေ ရှိနေတာကြောင့် ကမ္ဘာ့လှည့်ခရီးသွားတွေထဲမှာ မသန်စွမ်းသူတွေ လာရောက်တာရှိသလို ပြည်တွင်းက မသန်စွမ်းသူတွေ အတွက်လည်း သွားလာနေထိုင်မှု အဆင်ပြေနိုင်ဖို့ လုပ်ဆောင်တာလို့  မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ပြောပါတယ်။ “နောင်ဖော်ဆောင်မယ့် မြို့သစ်စီမံကိန်းတွေနဲ့ အဆောက်အအုံတွေမှာ မသန်စွမ်းသူတွေ အတွက်ပါ သွားလာရ အဆင်ပြေနိုင်လောက်တဲ့ စီမံချက်တွေပါတဲ့ အဆောက်အအုံတွေကို မြို့တော်စည်ပင်က ဆောက်လုပ်ခွင့်ပေးသင့်တယ်။” ဟိုတယ်နဲ့ ခရီးသွားလာမှုတွေမှာ မသန်စွမ်းသူတွေအတွက် လွယ်ကူစွာ အသုံးပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၆ ရက်က Summit Parkview ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ အချက်တွေကို တိုင်းအစိုးရကို တင်ပြ အစီရင်ခံစာ တင်သွားမှာပါ။ မသန်စွမ်းတွေ အသုံးပြုလွယ်ကူအောင် သက်ဆိုင်ရာ တိုင်းအစိုးရနဲ့ ခရီးသွားလုပ်ငန်း ကော်မတီတွေ ဆွေးနွေးပြီး နောင်တည်ဆောက်မယ့် ဟိုတယ်တွေနဲ့ ခရီးသွားနေရာတွေမှာ ထည့်သွင်းဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ကမ္ဘာ့မသန်စွမ်းမှုဆိုင်ရာ အဖွဲ့အစည်းက ၂၀၁၁ ခုနှစ်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၀၀၀ ကျော်ထဲမှာ သန်းပေါင်း ၁၀၅၀ က မသန်စွမ်းတဲ့သူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရတော့ မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေက ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိနေပြီး ၂ ဒသမ ၃ သန်းက မသန်စွမ်းတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
3 years Ago

July 7, 2018

ရွှေတိဂုံစေတီတော်ကို လှူထားသည့် မြေနှင့်အဆောက်အအုံများ ပြန်လည်ရောင်းချမည်

ရွှေတိဂုံစေတီတော်ကို လှူဒါန်းထားတဲ့ အဆောက်အအုံနဲ့ တိုက်ခန်းတွေကို  ဈေးပြိုင်တင်ဒါစနစ်နဲ့ ပြည်လည်ရောင်းချသွားမယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။ အလှူရှင်တွေ လှူဒါန်းထားတဲ့ မြေ၊ အဆောက်အအုံနဲ့ တိုက်ခန်းတွေကို ဇူလိုင် ၁၃ ရက်နေ့ တင်ဒါခေါ်ယူပြီး ရောင်းချမှာပါ။ လေလံတင်ရောင်းချမယ်ပုံစံကို လက်ရှိမှာ အသေအချာမသိရသေးတာကြောင့်   အိတ်ဖွင့်စနစ်ပုံစံနဲ့အိတ်ပိတ်စနစ်ထဲက ပုံစံတစ်ခုခုနဲ့ ပြန်လည်ရောင်းချသွားမှာ ဖြစ်မယ်လို့  ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောပါတယ်။ လေလံတင်ရောင်းချမယ့် ပုံစံကိုတော့  ဇူလိုင် ၉ ရက်နေ့မှာ အစည်းအဝေးကျင်းပပြီး  ဆုံးဖြတ်သွားမှာပါ။ ရွှေတိဂုံစေတီတော်ကို လှူဒါန်းထားတဲ့ မြေ၊ အဆောက်အအုံနဲ့ တိုက်ခန်းတွေကတော့  ၁၉၉၁ ခုနှစ်နောက်ပိုင်းမှာ လှူဒါန်းထားတာလို့ ဆိုပါတယ်။ အခုလို လေလံတင်ရောင်းချရတာကတော့ လက်ရှိ ဒီအဆောက်အအုံတွေမှာ နေထိုင်တဲ့ သူတွေ အဆင်ပြေဖို့အတွက် ရည်ရွယ်ရောင်းချရတာလို့ ဦးထွန်းအောင်ငွေက ပြောပါတယ်။ ရောင်းချလို့ရတဲ့ ငွေကြေးကိုတော့ ရွှေတိဂုံစေတီတော်ဘက်စုံပြုပြင်တဲ့ အလှူရငွေထဲမှာ ထည့်သွင်းသွားမှာပါ။ လေလံတင်သွင်းမယ့် သူတွေအနေနဲ့ ဇူလိုင် ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးမှာ စာရင်းတင်သွင်းရမှာ ဖြစ်ပြီး လမ်းမတော်၊ လသာ စတဲ့ မြို့နယ် ၄ မြို့နယ်မှာရှိတဲ့ နေရာ ၇ နေရာက အဆောက်အဦနဲ့ တိုက်ခန်းတွေကို  လေလံတင်ရောင်းချသွားမှာပါ။
3 years Ago
Up