အေစီမီလန်အသင်း

February 26, 2020

အေစီမီလန်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရပါက မိုဗစ်နှင့် စာချုပ်သက်တမ်းတိုးမည်

၂၀၂၀-၂၁ ရာသီမှာ အေစီမီလန်အသင်းသာ ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့မယ်ဆိုရင် ဇလာတန် အီဗရာဟီမိုဗစ်နဲ့ စာချုပ်ကို အလိုအလျောက် သက်တမ်းတိုးသွားမယ့် အချက်တချက် ပါဝင်နေတယ်လို့ သိရပါတယ်။  ဆွီဒင်တိုက်စစ်မှူးဟာ  အေစီမီလန်အသင်းကို ဆက်လက်အငှားစာချုပ်နဲ့ ဇန်နဝါရီလမှာ ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းအတွက် ၉ ပွဲ ကစားကာ ၃ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ မိုဗစ် ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အေစီမီလန်အသင်းရဲ့  ခြေစွမ်းဟာ တိုးတက်လာခဲ့ပြီး အင်တာမီလန်နဲ့ တပွဲကိုသာ ရှုံးနိမ့်ခဲ့တာကြောင့် အသင်းရဲ့ရပ်တည်မှုဟာ အဆင့် ၁၁ ကနေ ၇ အထိ ခုန်တက်လာနိုင်ခဲ့ပါတယ်။  ဒီခြေစွမ်းကိုသာ ဆက်လက်ထိန်းသိမ်းနိုင်မယ်ဆိုရင် အေစီမီလန်အသင်းဟာ ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာအတွက် မျှော်လင့်နိုင်ခွင့်ရှိလာမှာဖြစ်ပြီး ချန်ပီယံလိဂ်သာ ဝင်ခွင့်ရခဲ့မယ်ဆိုရင် မိုဗစ်ရဲ့စာချုပ်ဟာလည်း အလိုအလျောက် သက်တမ်းတိုးသွားမှာ ဖြစ်ပါတယ်။ “အီဗရာနဲ့ ခြောက်လစာချုပ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုရင် စာချုပ်ကို အလိုအလျောက် သက်တမ်းတိုးသွားဖို့ သဘောတူညီချက်တခု ပါဝင်နေပါတယ်။ အဲဒီလို မဖြစ်ခဲ့ဘူးဆိုရင်တော့ ကျနော်တို့ဟာ သူနဲ့ စားပွဲဝိုင်းပေါ်မှာ ထိုင်ပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်”လို့ အေစီမီလန်အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ ပေါ်လိုမာဒီနီက ပြောပါတယ်။ ဒါ့အပြင် လက်ရှိအသင်းနည်းပြ စတီတာနိုပီအိုလီရဲ့ နေရာမှာ ရက်ဖ်ရန်းနစ်နဲ့ အစားထိုးသွားဖို့ရှိတယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း မာလ်ဒီနီက ငြင်းဆိုသွားခဲ့ပါတယ်။ “ရက်ဖ်ရန်းနစ်ကို ဆက်သွယ်ခဲ့တာမျိုး မရှိဘူး”လို့ မာလ်ဒီနီက ပြောခဲ့ပြီး လက်ရှိ အေစီမီလန်အသင်းရဲ့ ပုံစံအပေါ် အားရခြင်းမရှိဘူးလို့လည်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
1 year Ago
Up