အဂွေရို၏ နောက်ကျသွင်းဂိုးဖြင့် မန်စီးတီးက ဘရစ္စတိုးစီးတီးကို နိုင်

January 10, 2018

အဂွေရို၏ နောက်ကျသွင်းဂိုးဖြင့် မန်စီးတီးက ဘရစ္စတိုးစီးတီးကို နိုင် (ရုပ်သံ)

အင်္ဂလန် လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်စီးတီးနဲ့ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးစီးတီးတို့ မနေ့ကယှဉ်ပြိုင်ရာ မန်စီးတီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ ဂိုးသမား အီဒါဆင်၊ နောက်ခံလူ ဝေါ်လ်ကာ၊ ကွင်းလယ်လူ ဖာနန်ဒင်ဟိုနဲ့ တိုက်စစ်မှူး အဂွေရိုတို့ကို အရန်ခုံမှာပဲ ထားပြီး ဂိုးသမားအဖြစ် ဘရာဗိုနဲ့ ပွဲထွက်ခဲ့ကာ ဒန်နီလို၊ စတုန်းစ်၊ မန်ဂါလာ၊ ဇင်ချန်ကို၊ ဒီဘရွန်း၊ ယာယာတိုရေး၊ ဂန်ဒိုဂန်၊ စတာလင်၊ ဆာနေးနဲ့ ဘာနာဒိုဆေးလ်ဗားတို့ကို အသုံးပြုခဲ့ပါတယ်။ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးစီးတီးဟာ ပထမပိုင်းမှာ မန်စီးတီးကို အပြန်အလှန် ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၄ မိနစ်မှာ ပယ်နယ်တီမှတဆင့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ကာ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာစီးရခဲ့ပေမယ့် ဘရစ္စတိုးစီးတီးဂိုးသမားနဲ့ နောက်တန်းလူတွေ အကောင်းဆုံး ကာကွယ်ဖျက်ထုတ်နိုင်တဲ့အတွက် ချေပဂိုးရဖို့ ခက်ခဲခဲ့တာပါ။ ပွဲချိန် ၅၅ မိနစ်မှာတော့ မန်စီးတီး ချေပဂိုး ရခဲ့ပြီး ဒီဘရွန်းနဲ့ စတာလင် အပေးအယူလုပ်ပြီး ဒီဘရွန်းက ဘရစ္စတိုး ဂိုးဧရိယာတွင်းမှ အပိုင်ကန်သွင်းယူပေးခဲ့ပါတယ်။ ဒီ့နောက် မန်စီးတီးက ထိုးဖောက်တိုက်စစ်ဆင်မှု ပိုမိုပြုလုပ်နိုင်ခဲ့ပြီး အနိုင်ဂိုးကို ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ လူစားဝင်တိုက်စစ်မှူး အဂွေရိုက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ပထမအကေျာ့မှာ အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်း လိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းဖို့ အခြေအနေကောင်းနေပြီး ဒီနှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် ဇန်နဝါရီ ၂၄ ရက်နေ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
3 years Ago
Up