အချေအတင်ဖြစ်ရာမှ ထိုင်းမင်းသား မာရီယို၏ ကားမှန်ကို အငှားယာဉ်မောင်းက ခဲဖြင့်ထု

January 9, 2018

အချေအတင်ဖြစ်ရာမှ ထိုင်းမင်းသား မာရီယို၏ ကားမှန်ကို အငှားယာဉ်မောင်းက ခဲဖြင့်ထု

ဘန်ကောက်မြို့ လမ်းမတခုပေါ်မှာ ထိုင်းနာမည်ကျော်မင်းသား မာရီယိုဟာ အငှားယာဉ်မောင်းတဦးနဲ့ အချေအတင် စကားများခဲ့ကြပြီးနောက် ကားမှန်ကို ခဲနဲ့ထုခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီ ၈ ရက် ညနေပိုင်းက ရက်ခ်ျသဝီခရိုင်တွင်းမှာ ဖြစ်ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတော့ တယောက်မှမရှိခဲ့ဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၇ နှစ်အရွယ် အငှားယာဉ်မောင်း အူဒုံ ဆူသိဖွန်ဟာ အဲဒီနေ့ ညနေပိုင်း ၅ နာရီခွဲလောက်မှာ ရာမ-၆ လမ်းမကြီးအတိုင်း ကားကို မောင်းနှင်လာခဲ့တာဖြစ်ပြီး ဖက်ခ်ျဘူရီလမ်းမကြီးဆီ အရောက်မှာ ညာဘက်ကိုကွေ့ဖို့ ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အသက် ၂၇ နှစ်အရွယ် မင်းသား မာရီယို မောင်းနှင်လာတဲ့ ပေါ်ရှေး (Porsche) အမျိုးအစား အနက်ရောင်ကားက အဲဒီနားအရောက်မှာ ဘေးကဖြတ်တက် မောင်းနှင်လိုက်တာမို့ အဆင်မပြေ ဖြစ်ခဲ့ရချိန်မှာ သူက ပြန်ကျော်တက်ဖို့ ကြိုးစားခဲ့တာပါ။ အဲဒီနောက်တော့ သူတို့ ၂ ဦးဟာ အချေအတင်ဖြစ်ခဲ့ကြကာ လမ်းမပေါ်မှာ အပြိုင်အဆိုင် ကျော်တက်မောင်းနှင်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ပတူနမ်လမ်းဆုံ အရောက်မှာတော့ အူဒုံဟာ ဘယ်လိုမှ ဆက်သည်းမခံနိုင်တော့ဘဲ စိတ်ဆိုးဒေါသထွက်ခဲ့ကာ မာရီယိုရဲ့ ကားဘေးမှန်ကို ရိုက်ခွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မာရီယိုက ပရာချက်ဖရာရော့ပ် လမ်းမကြီးတလျှောက် ကားကို လမ်းဘေးဆွဲချရပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်ကြားမှုကြောင့် အခင်းဖြစ်တဲ့နေရာဆီ ရဲတွေရောက်လာချိန်မှာတော့ ရပ်နားထားတဲ့ ကားတွေအနီးမှာ သူတို့ ၂ ဦးကို တွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာပါ။ နောက်ဆုံးမှာတော့ စေ့စပ်ညှိနှိုင်းမှုအရ တရားစွဲဆိုမှုတွေ ဆက်မလုပ်ဘဲ ကြေအေးခဲ့ကြတယ်လို့ သတင်းက ဆိုပါတယ်။ ဒါပေမယ့် မာရီယိုရဲ့ကားမှန်ကို ရိုက်ခွဲဖို့ ကြိုးစားခဲ့တဲ့ အငှားယာဉ်မောင်းကိုတော့ သူတပါးပိုင်ပစ္စည်းကို ဖျက်ဆီးမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
3 years Ago
Up