အခေါင်းဝယ်

February 11, 2019

အခေါင်းဝယ်ပြီး သေဖို့ပြင်ဆင်ထားသည့် အမျိုးသမီးတဦး၏ စိတ်မကောင်းဖွယ် ဖြစ်ရပ်

တန်ဖိုးကြီးတဲ့ အခေါင်းကို ကြိုတင်ဝယ်ယူပြီး သေဖို့ပြင်ဆင်ထားတဲ့ အမျိုးသမီးတဦးကြောင့် တောင်အာဖရိကနိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ အပြန်အလှန်ငြင်းခုန်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ Mirror သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်မှာ အဓိကပါဝင်သူကတော့ ဇော့ဝါဝါဘန်တူလို့ခေါ်တဲ့ အမျိုးသမီးတဦးပါ။ သူမဟာ တောင်အာဖရိကနိုင်ငံမှာ ထင်ရှားတဲ့ ဆယ်လီတဦးဖြစ်ပြီးတော့ မကြာသေးခင်ကမှ အခေါင်းအတွင်း ဝင်ရောက်နေတဲ့ ပုံတွေကို သူ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလိုက်ပါတယ်။ ဒီပုံတွေက သူမရဲ့လူမှုကွန်ရက်က နောက်လိုက် (Follower) ၅၅၅,၀၀၀ ကို လုံးဝအံ့သြသင့်စေခဲ့ပြီး အပြန်အလှန်ငြင်းခုန်မှုတွေကိုလည်း ဖြစ်စေခဲ့ပါတယ်။ သူမက “ကျမတို့ လူ့အဖွဲ့အစည်းတခုလုံးက သေဆုံးခြင်းကို ကြောက်ရွံ့နေကြပေမယ့် ကျမတို့အားလုံးဟာ တနေ့နေ့ တချိန်မှာ ဒီလမ်းကိုသွားကြရမှာပါ။ အဲဒါအတွက်ကြောင့် ကျမဟာ အသက်ရှင်နေစဉ်မှာတင် ပေါင် ၈၅၄၀ တန်ကြေးရှိတဲ့ အခေါင်းတခုကို ကြိုတင်ဝယ်ယူကာ ပြင်ဆင်ထားတာ” လို့ သူမက ပြောဆိုထားပါတယ်။ သာမာန်ဆိုရင် မသေခင်မှာ အခေါင်းကြိုတင် ဝယ်ယူထားခြင်းက အနည်းငယ် ထူးဆန်းနေပေမယ့် ဒီလိုလုပ်ရခြင်းရဲ့ နောက်ကွယ်မှာ စိတ်မကောင်းစရာ ဇာတ်လမ်းတပုဒ်ရှိလို့ နေပါတယ်။ အင်တာဗျူးအစီစဉ် တခုနဲ့ မေးမြန်းခန်းမှာဇော့ဝါက “ကျမအမေ သေဆုံးသွားချိန်တုန်းက ကျမဟာ တန်ဖိုးနည်းတဲ့ အခေါင်းလေးတခုကိုပဲ တတ်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ကျမအလှည့်မှာ ဒီလိုမဖြစ်ချင်ပါဘူး” လို့ ဆိုပါတယ်။ “ကျမအမေ ဆုံးသွားခဲ့တုန်းက ကျမတို့မိသားစုမှာ ဝမ်းနည်းစရာတွေကြုံတွေ့ခဲ့ရပြီး အမေ့ရဲ့ အသုဘစရိတ်အတွက် စိုးရိမ်ပူပန်ခဲ့ရပါတယ်။ ကျမအလှည့်မှာတော့ ကျမရဲ့ မိသားစု အထူးသဖြင့် ကျမသားလေးကို ဒီလို မဖြစ်စေချင်ပါဘူး” လို့လည်း သူမကပြောပါတယ်။ သူမရဲ့ပြောဆိုရှင်းလင်းချက်ကို Instagram က သူမရဲ့နောက်လိုက်တွေက မတူညီတဲ့ ပြောဆိုမှုတွေ ပြုလုပ်နေကြပြီး တချို့ကတော့ ဇော့ဝါရဲ့ လုပ်ရပ်ဟာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုလို့ ချီးကျူးနေကြကာ တချို့ကတော့ မသေခင် အခေါင်းကြိုဝယ်တာဟာ ကံမကောင်းစေတဲ့ လုပ်ဆောင်ချက်တခုဖြစ်တယ် လို့ ဝေဖန်လျက်ရှိပါတယ်။
2 years Ago
Up