အကောက်ခွန်ဦးစီးဌာန

October 1, 2018

အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၂၀၀၀ ကျော်ဖိုး ဖမ်းဆီး

ပြီးခဲ့တဲ့စက်တင်ဘာလဝက်အတွင်း အကောက်ခွန်မဲ့ပစ္စည်းတန်ဖိုး ကျပ်သန်း ၂ ထောင်ကျော် ဖမ်းဆီးခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ လေဆိပ်၊ လေဆိပ်သိုလှောင်ရုံ၊ ဆိပ်ကမ်းနဲ့ အကောက်ခွန်နယ်မြေအသီးသီးမှာ တင်သွင်း/တင်ပို့ခွင့် အထောက်အထားမပြနိုင်တဲ့ ပစ္စည်းတွေကို ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပြီး အမှုပေါင်း ၂၃၂ မှုရှိတယ်လို့ ဆိုပါတယ်။ လေဆိပ်မှာတားဆီးခဲ့တာ ၈ မှု၊ အထူးကင်း ၁၄ မှု၊ နယ်မြေတားဆီးမှု ၂၀၈ မှုရှိခဲ့ပြီး တားဆီးရာမှာ သစ်နဲ့ သတ္တုတွေကို အများဆုံးဖမ်းမိကာ တန်ဖိုး ကျပ်သန်းပေါင်း ၂၀၀၀ လောက် ရှိပါတယ်။ စက်တင်ဘာ ၁ ရက်ကနေ ၇ ရက်အထိ ကျပ်သန်း ၇၆၅ ကျော်၊ စက်တင်ဘာ ၈ ရက်ကနေ ၁၄ ရက်အထိ ကျပ်သန်း ၁၃၂၀ ကျော် ဖမ်းဆီးခဲ့တာကြောင့် စုစုပေါင်း ကျပ်သန်း ၂၀၈၅ ကျော်ရှိတာပါ။ ပြီးခဲ့တဲ့သြဂုတ်လအတွင်းမှာတော့   အမှုပေါင်း ၃၈၃ မှုကနေ ကျပ်သန်း ၂၇၆၉ ဖိုး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
4 years Ago

August 25, 2018

အကောက်ခွန်အရာရှိ ၁၃ ဦးကို အမှုဖွင့်အရေးယူထားဟု ကော်မရှင်ထုတ်ပြန်

ပြည်ပမှ တင်သွင်းတဲ့ မူဝါဒသတ်မှတ်ချက်ကိုက်ညီမှု မရှိတဲ့ယာဉ်တွေကို ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် ထုတ်ယူရာမှာ သိန်း ၁၈၀ ကျော် လာဘ်စားမှုနဲ့ ပတ်သက်တဲ့  အကောက်ခွန်အရာရှိ ၁၃ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားကြောင်း ကော်မရှင်က သြဂုတ် ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မူဝါဒနဲ့ ကိုက်ညီမှုမရှိတဲ့  Delivery Van ယာဉ်တွေကို ရန်ကုန်ဆိပ်ကမ်းက တဆင့် ထုတ်ယူရာမှာ Shinning Star Agency ရဲ့ အေးဂျင်စီထံမှ  EO အကောက်ခွန်ဝန်ထမ်း ၂ ဦးက ကျပ် ၄၄ သိန်း၊ Appraiser အကောက်ခွန်မှူး နှစ်ဦးက ကျပ် ၁၁ သိန်း၊ ဦးစီးအရာရှိက ကျပ် ၁၁ သိန်းရယူကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့  ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် Metal Seal တပ်ဆင်ပေးတဲ့ PC လက်ထောက် အကောက်ခွန်မှူးက ကျပ် ၅ သိန်းခွဲ၊ EO ဒုအကောက်ခွန်မှူး ၂ ဦးက ယာဉ် ၁ စီးကို ကျပ် ၁၀ သိန်းနှုန်းနဲ့ ယာဉ် ၇ စီးအတွက် ကျပ်သိန်း ၇၀ ကို လင်းယုန် Agency ရဲ့ အေးဂျင့်ဆီက  ရယူခဲ့ကြောင်း ဖော်ပြထားပါတယ်။သူတို့ကို အရေးယူထားတဲံပုဒ်မ ၅၆ ဟာ ထောင် ၁၀ နှစ်အထိချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ ပြီးခဲ့တဲ့  ဇူလိုင်လကလည်း ရန်ကုန်ဆိပ်ကမ်းက  ယာဉ်ထုတ်ယူရာမှာ ငွေကြေးရယူတဲ့ အကောက်ခွန်အရာထမ်း၊ အမှုထမ်း ၁၂ ဦးကို အဂတိလိုက်စားမှုဥပဒေနဲ့ အရေးယူထားရာ နှစ်လအတွင်း စုစုပေါင်းအကောက်ခွန်ဝန် ထမ်း ၂၅ ဦးကို ကော်မရှင်က အရေးယူတာဖြစ်ပါတယ်။
5 years Ago
Up