အူလာယူကျောက်တောင်

October 26, 2019

ဩစတြေးလျ အူလာယူကျောက်တောင်တက်ခွင့် ထာဝရမပိတ်ပင်ခင် တောင်တက်ရန် တန်းစီစောင့်ဆိုင်း

သြစတြေးလျနိုင်ငံမှာ အူလာယူ ကျောက်တောင်ပေါ်ကို တောင်တက်ခွင့် ထာဝရပိတ်ပင်ဖို့ တရက်အလို အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ ရာချီတဲ့ ခရီးသွားတွေဟာ နောက်ဆုံးအခွင့်အရေးအနေနဲ့ တောင်တက်ဖို့ကို တန်းစီ စောင့်ဆိုင်းနေကြပါတယ်။ အူလာယူကျောက်တောင်ပေါ်ကို တောင်တက်ခွင့်မပေးဖို့ ဒေသခံတိုင်းရင်းသားတွေက ဆယ်စုနှစ်ချီ တောင်းဆိုပြီးနောက် အခုလို တားမြစ်သွားမှာ ဖြစ်ပါတယ်။  အူလာယူကျောက်တောင်ရဲ့ မူလရိုးရာ ပိုင်ရှင်တွေကတော့ အန်နန်ဂူတိုင်းရင်းသားတွေ ဖြစ်ပြီး တောင်တက်ခွင့် ပိတ်ပင်ဖို့ သူတို့ဟာ ၁၉၈၅ ခုနှစ်ကတည်းက သြစတြေးလျအစိုးရကို တောင်းဆိုခဲ့တာပါ။ အန်နန်ဂူတိုင်းရင်းသားတွေက သူတို့ရဲ့ ဘိုးဘေးတွေ လက်ခံယူဆခဲ့တဲ့အတိုင်း  အူလာယူ ကျောက်တောင်ဟာ သူတို့အဖို့ လေးနက်တဲ့ ဘာသာရေး သက်ဝင်ယုံကြည်မှု ရှိတယ်လို့ ပြောပါတယ်။ အမြင့်ပေ ၁၁၄၂ ပေ ရှိတဲ့ အူလာယူကျောက်တောင်ဟာ ယူနက်စကိုအဖွဲ့ အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီး သြစတြေးလျနိုင်ငံရဲ့ ခရီးသွားတွေကို ဆွဲဆောင်တဲ့ ထိပ်တန်း နေရာတခုလည်း ဖြစ်ပါတယ်။ အဲဒီကျောက်တောင်ဆီကို အခုနှစ် ဇွန်လကုန်အထိ ခရီးသွား လေးသိန်းနီးပါး လာရောက် လည်ပတ်ခဲ့ကြတယ်လို့  အစိုးရ အချက်အလက်တွေက ဖော်ပြပါတယ်။  
2 years Ago
Up