အူဘာကုမ္ပဏီ

May 8, 2018

၂၀၂၀ ခုနှစ်ခန့်တွင် တက္ကစီအငှားလေယာဉ်များ ပျံသန်းနိုင်ရန် အူဘာကုမ္ပဏီ မျှော်လင့်

အူဘာကုမ္ပဏီ အကြီးအကဲတွေက ၂ နှစ်အတွင်း သူတို့ရဲ့ တက္ကစီအငှားလေယာဉ်ပျံတွေ ပျံသန်းမှု စတင်နိုင်ဖို့ သယ်ယူပို့ဆောင်ရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အာဏာပိုင်တွေနဲ့ ရက်ပိုင်းအတွင်း အရေးပါတဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားသယ်ယူပို့ဆောင်ရေး ကုမ္ပဏီကြီးက လော့စ်အိန်ဂျလိစ်မှာ ကျင်းပမယ့် သူတို့ရဲ့ အရေးပါလှတဲ့ အဆင့်မြင့်ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်အစိုးရကို စည်းရုံးပြီး စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ ဆွေးနွေးမှုတခု အစပျိုး ဆွေးနွေးမှာပါ။ အူဘာကုမ္ပဏီကြီးက ကမ္ဘာ့ ပထမဆုံး ဈေးနှုန်းသင့်တော်တဲ့ လေယာဉ်တက္ကစီ ပျံသန်းမယ့် အစီအစဉ်တွေကို ရှေ့ဆက်လုပ်ဖို့ လွန်ခဲ့တဲ့ ၁၂ လကျော်က နာဆာရဲ့ ထိပ်သီးကျွမ်းကျင်သူတွေကို ကမ်းလှမ်းခဲ့တယ်လို့လည်း သိရပါတယ်။ ၁ နာရီ မိုင် ၂၀၀ နဲ့ ပျံသန်းမယ့် လေယာဉ်တွေဟာ မြေပြင်ပေါ်ကနေ ဒေါင်လိုက် ထွက်ခွါ၊ ဒေါင်လိုင်ဆိုက်ရောက်မယ့် ဟယ်လီကော်ပတာပုံစံ ရဟတ် (Rotors) တွေကို သုံးမှာဖြစ်တယ်၊ ဒါပေမယ့် လေယာဉ်တောင်ပံတွေကတော့ အဝေးကြီးကနေ ပုံသေရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပို့ဆောင်ရေးဝန်ဆောင်မှုက လက်ရှိ တက္ကစီအငှားယာဉ်လုပ်ငန်းတွေထက် ပိုမြန်ပြီး ပိုဈေးသက်သာကာ မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်ကို ပြောင်းပြန်လှန်လိုက်မယ်လို့ အူဘာကုမ္ပဏီက ပြောပြီး ကြီးထွားလာတဲ့ ယာဉ်ကြောပိတ်ဆို့မှု စိုးရိမ်ဖွယ်ရာတွေကိုလည်း ထည့်သွင်းပြောသွားပါတယ်။ မေလ ၇ ရက်နေ့မှာ အမေရိကန်နိုင်ငံ ခရီးသွားသယ်ယူပို့ဆောင်ရေးဝန်ကြီး အယ်လိုင်နီချာအိုနဲ့ ဖက်ဒရယ် ပျံသန်းရေးအာဏာပိုင် ဒန်နီယယ်အယ်ဝယ်တို့က ၂၀၂၀ ခုနှစ်မှာ ဒူဘိုင်း၊ ဒဲလက်စ်နဲ့ အယ်လ်အေ အပါအဝင် မြို့ကြီးတွေမှာ စမ်းသပ်ပြီး စတင်ပျံသန်းမယ့် အူဘာရဲ့ အစီအစဉ် အကြမ်းဖျင်းတွေကို ကြားနာသွားမယ်လို့ သိရပါတယ်။ လူထုကြားထဲမှာ လေယာဉ်တက္ကစီ အငှားယာဉ်လုပ်ငန်းက ၅ နှစ်အတွင်း ရှိလာမယ်လို့ ယူဆနေကြပြီး နောက်ဆုံးမှာတော့ မြို့ကြီးတွေဆီ ကူးသန်းသွားလာဖို့ သာမန်နည်းလမ်း ဖြစ်လာလိမ့်မယ်လို့ ယူဆနေတာပါ။ လေယာဉ်အငှားတက္ကစီတွေကို ဦးဆုံး လေယာဉ်မှူးတွေက ထိန်းချုပ်မှာဖြစ်ပေမယ့် နောက်ပိုင်းမှာ ဒီလေယာဉ်တွေက ဘက်ထရီစွမ်းအင်သုံးပြီး အလိုအလျောက် မောင်းနှင်စနစ် ဖြစ်သွားမယ်လို့ အူဘာက ပြောကြောင်း တယ်လီဂရပ်ဖ် သတင်းကြီးက ထုတ်ပြန်ထားပါတယ်။ အငှားလေယာဉ်တွေနဲ့သွားရင် ၁ နာရီခွဲကြာမယ့် ခရီးက  ၁၅ မိနစ်ပဲ ကြာတော့မှာဖြစ်သလို အငှားလေယာဉ်တွေရဲ့ ဈေးနှုန်းက နောက်ဆုံး တမိုင်ကို ၅၀ ဆင့်နှုန်းနဲ့ ဖြစ်လာနိုင်လို့ ဒါက လက်ရှိကားမောင်းနှုန်းနဲ့ တူညီသွားမယ်၊ အငှားလေယာဉ်စီးမယ့် ခရီးသည်တွေအတွက် ဈေးနှုန်း ဘယ်လောက်ကျမယ်ဆိုတာ ပြောဖို့တော့ သိပ်စောလွန်းသေးတယ်လို့ အူဘာက ပြောပါတယ်။ အဆောက်အအုံတွေနဲ့ နီးတဲ့ ပျံသန်းမှုတွေမှာ လေထုအတွင်း ပျံသန်းမှုယာဉ်ကြော စည်းမျဉ်းတွေက တင်းကျပ်လို့ စည်းမျဉ်းစည်းကမ်းတွေက ကုမ္ပဏီအတွက် အဓိက အခက်အခဲ အတားအဆီး ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိမ်ဖြူတော်က ဒရုန်းယာဉ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို လျော့ချလာလို့ ခရီးသည်တင် လေယာဉ်တွေနဲ့ ပတ်သက်လို့လည်း အလားတူ ဆွေးနွေးငြင်းခုန်မှုတွေကြောင့် စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်တယ်လို့ သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up