အူတရာ ပရာဒတ်ရှ်ပြည်နယ်

November 10, 2019

ကြက်ဥပြုတ်အလုံး ၅၀ တပြိုင်တည်းစားသည့် အလောင်းအစားကြောင့် အိန္ဒိယ အမျိုးသား သေဆုံး

ကြက်ဥပြုတ် အလုံး ၅၀ ကိုတပြိုင်တည်း စားရမယ့် ရူးရူးမိုက်မိုက် အလောင်းအစား တခုကြောင့် အိန္ဒိယနိုင်ငံ အူတရာ ပရာဒတ်ရှ်ပြည်နယ်က အမျိုးသားတဦး အသက် ဆုံးရှုံးခဲ့ရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ နိုဝင်ဘာ ၃ ရက်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီနေ့မှာ ဆဘ်ဟတ်ယာဒတ်လို့ ခေါ်တဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသားဟာ ဂျွန်ပူရာ ခရိုင် ဘီဘီဂျန့်ဈေးထဲ သွားရင်း အချေအတင် ငြင်းခုံမှု ဖြစ်ပွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ငြင်းခုံမှုဟာ ‌နောက်ဆုံးမှာ အလောင်းတခုအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး ကြက်ဥပြုတ် အလုံး ၅၀ ကို တပြိုင်နက်တည်း စားပြမယ်လို့ ယာဒတ်က သူ့သူငယ်ချင်းကို စိန်ခေါ်ခဲ့ပါတယ်။ ဒီစိန်ခေါ်မှုအတွက် လောင်းကြေးဟာ ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၂၈ ဒါ်လာ) ဖြစ်ပြီး သူ့သူငယ်ချင်းကလည်း ဒီစိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ ဒါကြောင့် ယာဒတ်ဟာ ဈေးထဲက ဈေးသည်တဦးဆီကနေ ကြက်ဥပြုတ် အလုံး ၅၀ ကို ဝယ်ခဲ့ပြီး သူ့သူငယ်ချင်းအရှေ့မှာတင် စားပြခဲ့ပါတယ်။ အစပိုင်းမှာတော့ ယာဒတ်ဟာ အခက်အခဲမရှိ ကြက်ဥတွေကို စားနိုင်ခဲ့ပေမယ့် ၄၂ လုံးမြောက်မှာတော့ သူဟာ ရုတ်တရက် သတိမေ့သွားခဲ့ပါတယ်။ ဒါကြောင့် သူငယ်ချင်းဖြစ်သူက အရေးပေါ်ဝန်ထမ်းတွေကို ခေါ်ယူခဲ့ရပြီး ယာဒတ်ကို နီးစပ်ရာ ဆေးရုံဆီ တင်ပို့ခဲ့ရပါတယ်။ ဆေးရုံမှာ ဆရာဝန်တွေက အကောင်းဆုံး ကြိုးစားခဲ့ပေမယ့်လည်း ဒီကြိုးပမ်းမှုဟာ အရာမထင်ခဲ့ပါဘူး။ ယာဒတ်ဟာ လုံးဝ သတိပြန်လည်လာခြင်းမရှိတော့ဘဲ သူ့ကို သေဆုံးသွားခဲ့ပြီလို့ ဆရာဝန်တွေက သတ်မှတ်လိုက်ပါတယ်။ လက်ရှိအချိန်ထိတော့ ယာဒတ် သေဆုံးရတဲ့အကြောင်းအရင်း တိတိကျကျကို မသိရသေးပေမယ့် ဆရာဝန်‌တွေကတော့ ဒါဟာ ကြက်ဥတွေကို အလွန်အကျူး စားလိုက်တာကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
2 years Ago
Up