ချန်ပီယံလိဂ် အုပ်စု အက်ဖ် နောက်ဆုံးပွဲစဉ်အဖြစ် ဂရိကလပ် အိုလံပီယာကို့စ်နဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်တို့ ဒီဇင်ဘာ ၉ ရက်ညက ယှဉ်ပြိုင်ကစားရာ အာဆင်နယ်က အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အာဆင်နယ်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအနည်းငယ် အသာစီးရခဲ့သလို ကစားပုံလည်း ကောင်းမွန်ခဲ့ပါတယ်။
အာဆင်နယ်အတွက် အနိုင်ဂိုး ၃ ဂိုးစလုံးကို ပွဲချိန် ၂၉ မိနစ်၊ ၄၉ မိနစ်နဲ့ ၆၇ မိနစ်တွေမှာ တိုက်စစ်မှူး ဂျရူး တဦးတည်းက သွင်းယူပေးခဲ့တာပါ။
အာဆင်နယ်ဟာ ဒီအဖိုးတန်နိုင်ပွဲကြောင့် အုပ်စုတွင်း ရမှတ် ၉ မှတ်၊ အုပ်စုဒုတိယနေရာကနေ နောက်တဆင့်ကို တက်ရောက်သွားပြီး အိုလံပီယာကို့စ်ကတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်က ကျောခိုင်းရပြီး ယူရိုပါလိဂ်မှာ ဆက်လက်ကစားရမှာ ဖြစ်ပါတယ်။
အုပ်စုအက်ဖ် တခြားပွဲစဉ်အဖြစ် ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်နဲ့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်တို့ပွဲမှာ ဘိုင်ယန်မြူးနစ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ အဝေးကွင်းမှာ ကစားရပေမယ့် ၆၁ မိနစ်နဲ့ ၆၄ မိနစ်တွေမှာ တိုက်စစ်မှူး လီဝမ်ဒေါစကီး တဦးတည်း ၂ ဂိုးသွင်းပြီး အနိုင်ရသွားတာပါ။
ပွဲချိန် ၈၇ မိနစ်မှာ ဘိုင်ယန်မြူးနစ် ပယ်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် သောမတ်စ်မူလာ ကန်သွင်းချက် တိုင်ထိပြီး ပြန်ထွက်ခဲ့လို့ အပိုင်ဂိုး ၁ ဂိုး နစ်နာခဲ့ရပါတယ်။
ဒီပွဲအနိုင်ကြောင့် ဘိုင်ယန်မြူးနစ်ဟာ အုပ်စုတွင်း ရမှတ် ၁၅ မှတ်၊ အုပ်စုဗိုလ်အဖြစ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
7 years Ago